မန္တလေးမြို့ရှိ အဆင့်မြင့်ဈေးချိုတော်နဲ့ တိုက်တန်းကြီးဈေး၊ မန်းမြန်မာပလာဇာ၊ ရတနာပုံဈေးဝယ်စင်တာ စတာတွေ ပြန်ဖွင့်ဖို့ စစ်ကောင်စီက စီစဉ်နေတယ်လို့ ဈေးသူ ဈေးသားတွေဆီက သိရပါတယ်။
ဒီကနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ကစတင်ပြီး ဖွင့်ဖို့ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာ ဈေးဌာနက ဈေးကော်မတီတွေကို အကြောင်းကြားတာရှိတယ်လို့ ဆိုပါတယ်။
“ဈေးသူ ဈေးသားတွေတော့ တရားဝင်အကြောင်းကြားတာ မရှိဘူး။ ဒါပေမဲ့ ဈေးကော်မတီကို အကြောင်းကြားတယ် ပြောနေတယ်။ အခုမနက်ပိုင်းလည်း ဖွင့်တဲ့သူနည်းနည်း တွေ့ရတယ်။ ဈေးချိုကတော့ အဆင့်မြင့်က လူနည်းနည်းရှိတယ်။ ပလာဇာက မရှိသလောက်ပဲ” လို့ ဈေးသူ ဈေးသား တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဈေးချိုတော်ဝန်းကျင်မှာ အရပ်ဝတ်လက်နက်ကိုင်တွေ၊ ယူနီဖောင်းဝတ် လက်နက်ကိုင်တွေ အများအပြား ချထားတယ်လို့ သိရပါတယ်။
မန္တလေးဈေးချိုတော်နဲ့ တိုက်တန်းကြီးဈေး၊ မန်းမြန်မာပလာ၊ ရတနာပုံဈေးဝယ်စင်တာ တို့ကို စစ်ကောင်စီက မတ်လ တတိယပတ်လောက်က ဖွင့်လှစ်ဖို့ စီစဉ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
ဒီလို မအောင်မြင်တဲ့အတွက် ဆိုင်ခန်းမဖွင့်တဲ့သူတွေကို ဆိုင်ခန်း ယာယိပိတ်သိမ်းမယ်ဆိုပြီး ခြိမ်းခြောက်ကာ ထပ်မံဖွင့်ခိုင်းခဲ့ပါတယ်။
အဲဒီနောက် ကိုဗစ် တတိယလှိုင်းမှာ ထပ်မံပိတ်လိုက်ရပြီး အခုအခါ ပြန်ဖွင့်ဖို့ စစ်ကောင်စီက စီစဉ်နေတာဖြစ်ပါတယ်။