ရုရှားနိုင်ငံက မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်နဲ့ ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားနေတဲ့ အကြောင်း စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ရုရှားဖက်နိုင်ငံ မော်စကိုမြို့မှာကျင်းပတဲ့ Russian Energy Week International Forum (REW 2021) မှာ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနဲ့အဖွဲ့က ROSGEO (Russian State Geological Holding)ကုမ္ပဏီမှ CEO ဆာဂေးအန်ဂေါကော့ဗ် ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ရေနံနှင့်သဘာဝဓာတ်ငွေ့ စူးစမ်းရှာဖွေရေးဆိုင်ရာ ကိစ္စရပ်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာကလည်း ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့မှာ ပြုလုပ်ခဲ့တဲ့ (၆)ကြိမ်မြောက် အရှေ့ဖျား စီးပွားရေး ဖိုရမ်မှာ ရုရှားကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ရေနံတူးဖော်ရေးနှင့် ဘက်စုံသုံး ပင်လယ်ဆိပ်ကမ်းတွေ တည်ဆောက်ရေး စတဲ့ကဏ္ဍတွေမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားကြောင်း စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာရှိပါတယ်။
ဒါပေမဲ့ လက်ရှိအနေအထားအရ နိုင်ငံရေးတည်ငြိမ်မှုမရှိတဲ့ မြန်မာနိုင်ငံမှာ ရုရှားက အမှန်တကယ် လာရောက်ရင်းနှီးမြုပ်နှံပါ့မလားဆိုတာက သံသယဖြစ်စရာပါ။
ဒီအခြေအနေအပေါ် စီးပွားရေးလေ့လာသုံးသပ်သူတဦးက “နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့်ပတ်သက်ရင် ရေရှည်တည်ငြိမ်မှုက အရမ်းအရေးကြီးတယ်။ ဘာလို့လဲဆို အရင်းက ချက်ချင်း ကျေတာမဟုတ်ဘူး။ ဒီစီမံကိန်းအတွက် သူတို့ ပိုက်ဆံတွေ အများကြီးထည့်ရမယ်။ စီမံကိန်းက တည်ဆောက်ပြီးလို့ စတင်လည်ပတ်ပြီဆိုရင် ထွက်လာတဲ့ အဲ့ဒီ့ဓာတ်အားတွေကို ဝယ်မယ့်သူရှိဖို့ လိုတယ်။ပြီးတော့ ဝယ်ဖို့ စာချုပ်ချုပ်တဲ့ နေရာမှာ ပေးထားတဲ့ ကတိအတိုင်းကော တည်နိုင်ပါ့မလား ပေါ့နော်။ ဘာလို့လဲဆို အခုဆိုရင် ဟောင်ကောက်အခြေစိုက် တရုတ်ကလျှပ်စစ်ဓါတ်အားထုတ်ယူတဲ့ ကုမ္ပဏီက ပရောဂျက် နှစ်ခုကို ရပ်လိုက်တယ်လို့ သိရတယ်လေ။ ဘာလို့ရပ်ရလဲဆို သူတို့ မကိုက်တော့လို့လေ။ သူတို့က ဒီပစ္စည်းတွေ သွင်းလာတာ ဒေါ်လာနဲ့ သွင်းလာရတာ။ ဒါပေမဲ့ ပေးတဲ့အခါ မြန်မာ ကျပ်ငွေနဲ့ပဲ ပေးတယ်။ ကျပ်ငွေတန်ဖိုးကလည်း ဘယ်လောက်အထိ ကျမယ်မှန်း မသိဘူး။ အဲ့တော့ စီမံကိန်းတွေအတွက် စွန့်စားရမှုတွေကတော့ များတယ်။ ဒီတော့ ရုရှားဘက်က လုပ်နိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာပဲ။ ဘာလို့လဲဆို သူတို့ အဆုံးရှုံး ခံနိုင်ပါ့မလားပေါ့နော်။ လက်ရှိ အခြေအနေမှာတော့ မည့်သည့်နိုင်ငံကမဆို ရင်းနှီးမြုပ်နှံသူတွေ လုပ်ရဲမယ်လို့တော့ မထင်ဘူး” လို့ပြောပါတယ်။
သုတေသီတဦး၏အမြင်ကတော့ “အရှေ့တောင်အာရှမှာလည်း ရုရှားက ထိုးဖောက်ချင်တဲ့သဘောဆန္ဒရှိမယ်။ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊အိန္ဒိယ ၄ နိုင်ငံ ပါတဲ့ အင်ဒိုပစိဖိတ်ဆိုပြီး လုပ်လာတာရှိတယ်လေ။ အဓိကကတော့ တရုတ်ကိုထိန်းချင်တဲ့ သဘောပေါ့နော်။ အဲ့တော့ ကျနော်ထင်တယ် ရုရှားကလည်း အရှေ့တောင်အာရှကို စိတ်ဝင်စားမှုရှိလာတယ်။ သူစိတ်ဝင်စားတော့ ချဉ်းကပ်ဖို့အတွက် ကြည့်တဲ့အခါ မြန်မာနိုင်ငံကိုပဲ သူတွေ့တယ်လို့ ကျနော်ထင်တယ်။ ဘာလို့လဲဆို လိုလိုလားလားနဲ့အတွင်းကျကျ ပေါင်းသင်းချင်တာက အရှေ့တောင်အာရှမှာ မြန်မာတနိုင်ငံတည်း ရှိမယ်လို့ ကျနော်ထင်တယ်။ အဲ့တော့ ရှရုားက သူ့ အတွက်လည်း အကျိုးစီးပွားရှိမယ်။ မြန်မာအတွက်လည်း အားကိုးစရာက ရှရုားပဲ ကျန်တော့တာပေါ့နော်။ ဒါပေမဲ့ အတိတ်သမိုင်းမှာတော့ မြန်မာနဲ့ ရုရှားက နိုင်ငံရေးအရ၊သံတမန်ရေးအရ၊စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုက မရှိ သလောက်ရှားတယ်။ ဒါပေမဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကတော့ အားကောင်းခဲ့တယ်” လို့ဆိုပါတယ်။
ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ရှရုားနိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှု ပမာဏက အမေရိကန်ဒေါ်လာ ၉၄ သန်းသာရှိတာကြောင့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုရှိတဲ့ နိုင်ငံများစာရင်းမှာ ရှရုားနိုင်ငံက အနည်းဆုံးနိုင်ငံစာရင်းထဲမှာ တခုအပါအဝင်ဖြစ်ပါတယ်။
Photo- MOI