ရေအားလျှပ်စစ်ထုတ်ယူရေး ကန့်ကွက်နေမှု လူထုကို နားလည်အောင်ရှင်းပြရန် ကာချုပ်ပြော
ပိုင်စိုး
·
August 23, 2020
ရေအားလျှပ်စစ်ထုတ်လို့ရတဲ့နေရာတွေ ကန့်ကွက်ခံနေရတာကြောင့် လူထုကို နားလည်အောင်ရှင်းပြကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သား ဆရာဝန်တွေကို မှာကြားလိုက်ပါတယ်။
ဒီနေ့လုပ်တဲ့ ချင်းပြည်နယ်နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့က ဝေးလံခေါင်ဖျားပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသတွေက မြို့နယ်၊ တိုက်နယ်ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တပ်မတော်သားဆရာဝန်တွေကို ဂုဏ်ပြုပွဲအခမ်းအနားမှာ ပြောခဲ့တာပါ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဘယ်လောက်ပဲ စက်မှုနိုင်ငံထူထောင်ဖို့ စိတ်ကူးနေနေ၊ လျှပ်စစ်မရှိရင် ဘာမှ လုပ်လို့မရဘူး။ အခု အစိုးရကနေပြီးတော့ စက်မှုစီမံကိန်းတွေ လုပ်နေတာတွေ ရှိတယ်။ စက်မှု စီမံကိန်းလုပ်တာတော့ ဟုတ်ပြီ။ လျှပ်စစ် ဘယ်ကရမလဲ။ လျှပ်စစ်မရှိရင် ခက်မယ်။ အဲဒီတော့ လျှပ်စစ်ရမယ့် လမ်းကြောင်းတွေ အများကြီးရှိတယ်။ ရေအားလျှပ်စစ်တွေရှိတယ်။ ကျောက်မီးသွေးနဲ့ ထုတ်လို့ရတာတွေရှိတယ်။ ဆိုလာရှိတယ် စသည်ဖြင့်။ ဆိုလာကတော့ အရင်းအနှီးများတာပေါ့လေ။
ထုတ်လို့ရတဲ့နေရာကျပြန်တော့လည်း အကြောင်းအမျိုးမျိုးနဲ့ ကန့်ကွက်ခံရတဲ့ အတွက်ကြောင့် လျှပ်စစ်တွေ မထုတ်နိုင်ဘူး။ ဒီအတွက်လည်း တော်တော်ကို အခက်အခဲရှိပါတယ်။ အဲဒီတော့ ဒီကိစ္စတွေ မဖြေရှင်းနိုင်သရွေ့ ကာလပတ်လုံးကတော့ တိုင်းပြည်အတွက် အကျပ်အတည်းရှိနိုင်သေးတယ် ဆိုတာလည်း မင်းတို့ မျှော်မှန်းထားဖို့။ ဒါကြောင့် လူထုကိုလည်း မင်းတို့ (အရာရှိ စစ်သည်ဆရာဝန်တွေကို တိုက်ရိုက်ပြောစကား) နားလည်အောင်ပြောပေးဖို့ လိုပါတယ်” လို့ ပြောပါတယ်။
ဒီလိုကန့်ကွက်တာတွေဟာ နိုင်ငံရေးအစွဲတွေဖြစ်ပြီး တိုင်းပြည်ရဲ့ အနုတ်လက္ခဏာတွေ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
“မင်းတို့ရောက်တဲ့နေရာတွေမှာ နယ်ပေါင်းစုံမှာ ကိုယ့်အချင်းချင်းလည်း နားလည်အောင် ပြောကြ။ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ပြောကြပါ။ ပြောပြဖို့လိုတယ်။ ဒီလိုပြောပြမှလည်း နားလည်လိမ့်မယ်။ ခုကတော့ တို့က အရင်တုန်းက အစွဲတွေပေါ့လေ။ နိုင်ငံရေးအရ အစွဲတွေနဲ့ ဘာလုပ်လုပ်ကန့်ကွက်နေတဲ့ဟာမျိုး ကြုံနေရတာ သွားတွေ့တယ်။ တိုင်းပြည်ရဲ့ အနုတ်လက္ခဏာတွေပဲ ဖြစ်တယ်။ ဒါကြောင့် ရောက်တဲ့နေရာမှာ ပြောပြပေးပါလို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
နယ်ပေါင်းစုံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော်သားအရာရှိ ဆရာဝန် ၄၄ ယောက်ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။ သူတို့ဟာ တာဝန်ကျရာနေရာတွေမှာ ၂ နှစ်စီ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။