ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အသက်မပြည့်သေးတဲ့ ဈေးဝယ်လာတဲ့ လူငယ်နှစ်ဦးကို ဖမ်းဆီးပြီး ငွေကျပ် ၁၅ သိန်းနဲ့ ရွေးခိုင်းခဲ့တယ်လို့ သိရပါတယ်။
အဖမ်းခံသူ မိသားစုနဲ့ နီးစပ်တဲ့ ဆွေမျိုးတစ်ဦးက “ကျနော်တို့ ကြက်ရင်းကျေးရွာက ဦးမျိုးသန်းရဲ့ သားလေးပါဗျာ။ ဆိုင်ကယ်ဝပ့်ရှော့မှာ ပညာသင်နေတာ။ ဆိုင်ကယ်ပစ္စည်းလိုလို့ ကန်းဒေါင့်ကိုဈေးသွားအဝယ် အောက်တိုဘာ ၂၁ ရက်နေ့ မနက်ခင် ၉ နာရီလောက်က အဖမ်းခံလိုက်ရတာ။ အဖမ်းခံရတာက မျိုးကိုဆိုတဲ့ ကလေးရယ်သူ့ သူငယ်ချင်းရယ်၂နှစ်ယောက် အဖမ်းခံရတာ။ မျိုးကိုဆိုတဲ့ ကလေးအသက်က ၁၇ နှစ်ပဲ ရှိသေးတာ။ ဒီနေ့အောက်တိုဘာ ၂၂ ရက်နေ့ကြတော့ တစ်ယောက်ကို ၁၅ သိန်းနဲ့ လာရွေးလှည့်ကြ လို့ ခေါ်တော့ မိဘတွေ သွားရွေးရတာပေါ့ဗျာ။ အခုတော့လွတ်တော့လာကြပြီ” လို့ ပြောပါတယ်။
ပုလဲမြို့နယ်၊ ကြက်ရင်းကျေးရွာဟာ အိမ်ခြေ ၂၅၇ အိမ်ရှိပြီး လူဦးရေ ၁၂၀၀ ကျော်ရှိတဲ့ ကျေးရွာတစ်ရွာလည်း ဖြစ်ပါတယ်။
အခုလို စစ်ကောင်စီက အနိုင်ကျင့်ဖမ်းဆီး ငွေကြေးတောင်းယူခံရသူတွေ အများအပြား ရှိနေပေမယ် ပြန်လည်ဖမ်းဆီးခံရမှာ ကြောက်တာကြောင့် မပြောရဲဘဲ ငြိမ်နေတဲ့သူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။