မကွေးတိုင်း ရေစကြိုမြို့ တောင်ဦးအုပ်စု မြေမလှကျေးရွာမှာရှိတဲ့ Mytel တာဝါတိုင် အောက်တိုဘာ ၂၁ ရက် ည ၁၀ နာရီဝန်းကျင်လောက်က ဖောက်ခွဲမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတဦးက “မနေ့ညက ပေါက်ကွဲသံကြားတာတော့တော်တော်ကျယ်တယ်၊ ညဘက်တိတ်ဆိတ်နေတဲ့ အချိန်ဆိုတော့ ဘေးက တောင်ဦးရွာတွေ အထိကြားရတယ်လို့ ပြောတယ်။ တိုင်အောက်ခြေမှာ မီးလောင်နေတာ စက်ခန်းမှာ မီးလောင်သွားတာ တိုင်ကြီးလည်းသုံးစားလို့ မရလောက်တော့ဘူး၊ ရွာမှာလည်း Mytel သုံးတဲ့သူ သိပ်မရှိတော့ဘူး၊ အရင်တုန်းကတော့သုံးကြတယ်။ အခုက တခြားဟာတွေပဲပြောင်းသုံးနေကြတာ။ အစကအသံကြားလိုက်တော့ တောင်ဦးဘက်က ကျောက်မိုင်းခွဲတာလို့ ထင်လိုက်သေးတယ်၊ ပြီးတော့မှ မဟုတ်လောက်ပါဘူးလို့ သွားကြည့်တော့ တိုင်အောက်ခြေက မီးတွေလောင်နေတာတွေ့တာ”လို့ ပြောပါတယ်။
Mytel တာဝါတိုင်ကို ရေစကြို PDF အဖွဲ့ က ဖျက်ဆီးခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၀ ရက်နေ့ကလည်း မအူကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်က လုံခြုံရေးယူထားတဲ့ Mytel တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့သေးတယ်လို့သိရပါတယ်။
ရေစကြိုမြို့ သစ်ကြီးတောကျေးရွာအုပ်စု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း ရဲ့အိမ်ကို လည်း စစ်ကောင်စီတပ်ဖွဲ့ကို ခေါ်ယူနေတယ်လို့ သတင်းကြားတာကြောင့် အောက်တိုဘာ ၂၁ ရက်နေ့ မနက်ပိုင်းက ဗုံးဖောက်ခွဲပြီး သတိပေးခဲ့သေးတယ်လို့ People Defense Force Yesagyo က သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ဆပ်ကြေးတောင်းပြီး ပြုလုပ်ခိုင်းထားတဲ့ လောင်းကစားဝိုင်း၊ ဖဲဝိုင်း၊ ကြက်ဝိုင်းတွေကိုလည်း ဆက်လက်မပြုလုပ်ကြဖို့ အောက်တိုဘာ ၂၂ ရက်နေ့ မနက်ပိုင်းက သေနတ်နဲ့ ခြောကက်လန့်ပစ်ခတ်ပြီး သတိပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။