မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အောက်တိုဘာ ၂၀ ရက်ညပိုင်းက စစ်ကောင်စီတပ်တွေက ဘိလိယက်ခုံ ဆိုင်တဆိုင်ကို ဝင်ရောက်ပြီး အမျိုးသား ၂ ဦးကို ဖမ်းဆီးသွားသလို ဆိုင်ရှေ့ ရပ်ထားတဲ့ ဆိုင်ကယ် ၅ စီးကို သိမ်းသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မိုးကုတ်မြို့၊ ညောင်ပင်ကြီးရပ်ကွက်မှာဖွင့်လှစ်ထားတဲ့ ဘိလိယက်ခုံဟာ မနေ့ည ၉ နာရီကျော်လောက်အထိ ဆိုင်ဖွင့်တာကြောင့် စစ်ကောင်စီတပ်တွေ ဆိုင်ထဲဝင်လာပြီး လူ ၂ ဦးကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
"ကျူခုံကို ည အချိန်ကျော် ဖွင့်လို့ ဆိုပြီး ဝင်လာတာ။ သူတို့ဝင်လာတာကို ဘုကြည့်ကြည့်တယ်ဆို ပြီး ဖမ်းသွားတာ။ ခုတော့လွှတ်လား၊ မလွှတ်လား မသိရသေးဘူး။ ဆိုင်ကယ် ၅ စီးလည်း သိမ်းသွားတယ် "လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့ည သီတင်းကျွတ်လပြည့်နေ့ဖြစ်တာကြောင့် ညပိုင်းမှာလည်း ဗျောက်အိုးဖောက်သံတွေနဲ့အတူ သေနတ်ပစ်သံတွေကိုလည်း ကြားခဲ့ရပြီး စစ်ကောင်စီတပ်တွေက ပစ်တာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်က အရင်ရက်တွေမှာ ညဘက် မီးဖြတ်ပြီး လူငယ်တွေကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ အောက်တိုဘာ ၁၉ ရက်ကတော့ မိုးကုတ်အချုပ်ကနေ လူငယ် ၂ ဦး ပြန်လွတ်လာပါတယ်။
မိုးကုတ်မြို့မှာ စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး စစ်တပ်ပိုင် Mytel တမျိုးသာ အင်တာနက်အသုံးပြုလို့ ရတာကြောင့် ပြည်သူတွေအနေနဲ့ သတင်းတွေကို အရင်ကလောက်မ သိရဘူးလို့လည်း ဆိုပါတယ်။