ချင်းပြည်နယ်မှာ အောက်တိုဘာ ၁၂ ရက်မှ ၁၉ ရက်အထိ CNF/CNA/CDF တို့ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးကာ ၄၀ ကျော် ဒဏ်ရာရရှိသွားတယ်လို့ CNF တပ်ဖွဲ့ကနေ သိရပါတယ်။
စစ်တပ်က သံချပ်ကာကားအပါအဝင်၊ စစ်ကား ၅၀ လောက်နဲ့ အောက်တိုဘာ ၁၂ ရက်မှာ ဖမ်းလမ်းမြို့ကို စတင်ရောက်ရှိပြီး ဟားခါးမြို့ကိုဆက်လက် စစ်ကြောင်းထိုးလာချိန် CNF/CNAနဲ့ CDF တို့ ပူးပေါင်းတိုက်ခိုက်ရာမှာ စစ်ကား ၁၆ စီး ပျက်စီးခဲ့တယ်လို့လည်း CNF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။
ချင်းပြည်နယ်မှာ တစ်ပတ်တာအတွင်း တိုက်ပွဲ ၁၀ ကြိမ်ကျော်ဖြစ်ပွားခဲ့ပြီးတော့ အကြမ်းဖက် စစ်အုပ်စုဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ချင်းပြည်နယ်ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုတွေဟာ ဖလမ်းမြို့နယ် ရီလ်သီးရွာမှာ ဘုရားကျောင်းတစ်ကျောင်းနဲ့ နေအိမ် ၁၉ လုံးကို မီးရှို့ဖျက်ဆီးသွားသလို ဒေသခံတွေ မွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ပစ္စည်းတွေကိုပါ လုယူသွားကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။