ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ အောက်တိုဘာ ၁၉ ရက်နေ့ မနက်က စစ်အုပ်စုပိုင် Mytel တာဝါတိုင် ဗုံးခွဲဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
အမှတ် ၄ ရပ်ကွက် အထက ၆ နားမှာရှိတဲ့ Mytel တာဝါတိုင်ကို ဧရိယာ ၁၄ အဖွဲ့က ဗုံးခွဲဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
ဧရိယာ ၁၄ အဖွဲ့ဝင်တဦးက “ဗုံးပေါက်တော့ တာဝါတိုင်အောက်ခြေစက်ဗုံးထဲမှာရှိတဲ့ ဝါယာကြိုးတွေ မီးလောင်သွားတယ်။ စစ်အုပ်စုကို ထောက်ပံ့ပေးနေတဲ့ အရာတွေကို တိုက်ခိုက်သွားမှာပါ” လို့ ပြောပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း စစ်အုပ်စုကို အထောက်အပံ့ဖြစ်စေမယ့် မီတာဆောင်တာတွေနဲ့ အခွန်ဖြစ်စေမယ့် အရာတွေကို မလုပ်ကြဖို့လည်း မေတ္တာရပ်ခံခဲ့ပါတယ်။
ပုသိမ်မြို့မှာ စစ်အုပ်စုက ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် Mytel တာဝါတိုင်ကို ဗုံးခွဲဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့နယ်မှာလည်း အောက်တိုဘာ ဒုတိယပတ်က စတင်ကာ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ ရာထူးတာဝန်ကနေ နုတ်ထွက်ဖို့ ဧရာကဗေဒါအဖွဲ့က ဖုန်းဆက် သတိပေးခဲ့တယ်လို့ သိရပါတယ်။
ဧရာကဗေဒါ အဖွဲ့ဝင်တဦးက “ဒီလဆန်းမှာ အားလုံးကို ဖုန်းဆက်ပြီး သတိပေးထားတာ ပြည်သူတွေဘက်က ရပ်တည်ပေးဖို့၊ ရာထူးက နုတ်ထွက်ပေးဖို့၊ စစ်ကောင်စီကို သတင်းပေးတာတွေ ဆက်မလုပ်ဖို့ သတိပေးထားပါတယ်”လို့ ပြောပါတယ်။
ဒီလို ဖုန်းဆက်သတိပေးတာတွေ ပြုလုပ်ခဲ့ပေမဲ့ မလိုက်နာတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို သုတ်သင်ရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။
ဧရာကဗေဒါအဖွဲ့ကပဲ အောက်တိုဘာ ၁၅ ရက်နေ့ မော်လမြိုင်ကျွန်းမြို့နယ်က ကျော်ဇံကျေးရွာ ရပ်ကျေးစာရေးတဦးကို သုတ်သင်ရှင်းလင်းခဲ့ပါသေးတယ်။