မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမ လျှပ်စစ် (EPC) ရုံးအတွင်း အောက်တိုဘာ ၁၇ ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
အဲဒီဗုံးပေါက်ကွဲမှုဟာ လူထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့ အဆောက်အအုံ ထိခိုက်ပျက်စီးမှု ရှိ၊ မရှိကို မသိရသေးဘူးလို့ ဆိုပါတယ်။
လျှပ်စစ်ရုံးဗုံးပေါက်ပြီးနောက် ဒီကနေ့မနက်ပိုင်းမှာ EPC ဝန်ထမ်း ထရန်စဖော်မာ လဲလှယ်နေတာ တွေ့ရကြောင်းနဲ့ မုတ္တမကိုလည်း မီးဖြတ်ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မုတ္တမလျှပ်စစ်ဌာနရုံး ဗုံးပေါက်ကွဲမှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ပေါင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ထုတ်ပြန်ပါတယ်။
EPC ရုံး ဗုံးဖောက်ခွဲရတာဟာ EPC ဝန်ထမ်းတွေ စစ်ကောင်စီအလိုကျ မြို့နေပြည်သူလူထုဆီကနေ အတင်းအဓမ္မမီတာခ ကောက်ခံတာ၊ နေအိမ်တွေကို လျှပ်စစ်မီးဖြတ်တောက်နေတာကြောင့် နောက်ဆုံးအနေနဲ့ သတိပေးဖောက်ခွဲရတာလို့ ဆိုထားပါတယ်။
မုတ္တမလျှပ်စစ်ရုံးဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ရရှိထားကြောင်းနဲ့ ရှေ့ဆက် စစ်ကောင်စီအလိုကျ ဆောင်ရွက်နေမယ်ဆိုရင် ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို တာဝန်ယူမှာ မဟုတ်ဘူးလို့ ပေါင် PDF က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ပေါင်မြို့နယ်အတွင်းက EPC ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပြည်သူတွေ အနိုင်ကျင့်နေမယ်ဆိုရင် နေအိမ်တွေကို ဗုံးခွဲသွားမယ်လို့ ပေါင် PDF က သတိပေးထားပါတယ်။