ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်မှာ အောက်တိုဘာ ၁၅ ရက်နေ့က မလတ်တိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းကြည်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားပါတယ်။
မလတ်တိုကျေးရွာ ယခင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးကြိုင် နေအိမ်ကို စစ်ကောင်စီတပ်သားတွေက အင်အားသုံးဝင်ရောက်ရှာဖွေခဲ့ပြီး မတွေ့တာကြောင့် လက်ရှိအုပ်ချုပ်ရေးမှူး ဦးဝင်းကြည်ကို ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ဦးဝင်းကြည်ကို တပ်က ဂျီဝမ်းကတွေ့ဖို့ မြို့ကိုခေါ်တာ။ ပြီးတော့ ရွာကိုလာပြီး အုပ်ချုပ်ရေးမှူးဟောင်းနေအိမ်ကို ဝင်ရှာတာ မတွေ့တော့ လက်ရှိအုပ်ချုပ်ရေးမှူးကို ဖမ်းထားလိုက်တာ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းကြည်ဟာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးကြိုင်ရဲ့ ညီအရင်းဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးကြိုင်ကို ဖမ်းမမိတာကြောင့် ရွာကို စစ်ကား ၃ စီးနဲ့ပတ်ပြီး လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။
မအူပင်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရတဲ့ ဒေသခံပြည်သူ ၁၀၀ ကျော်ထိရှိလာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။