စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရုံးတောရွာက စိတ်ကျန်းမာရေးချို့တဲ့သူတယောက်ကို ပျူစောထီးတွေက ပစ်သတ်ပြီး PDF လို့ သတင်းမှား ဖြန့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၀ ရက်နေ့က ရွာလမ်းပေါ်မှာ ဖမ်းဆီး သတ်ဖြတ်ခဲ့တာဖြစ်ပြီး အလောင်းကိုလည်း အခုအချိန်ထိ မကောက်ရဲကြသေးဘူးလို့ ရွာသားတွေက ပြောပါတယ်။
ရုံးတောရွာသားတယောက်က “သတ်ခံရတာက ဦးဖိုးသေးနဲ့ ဒေါ်ညွန့်မှီတို့ရဲ့သား မောင်ရန် ဆိုတဲ့သူ။ အသက် ၃၀ လောက်ရှိမယ်။ သူက စိတ်မနှံ့ဘူး။ သူ့ကို ညောင်ကိုင်းနဲ့ ရုံးတောကြားက လမ်းပေါ်မှာ ဖမ်းပြီး သတ်တာ။ ပြီးတော့ လက်နက်နဲ့ ဓာတ်ပုံရိုက်ပြီး PDF လို့ သတင်းလွှင့်နေတယ်” လို့ ပြောပါတယ်။
ညောင်ကိုင်းရွာမှာ တပ်စွဲထားတဲ့ စစ်သားတွေနဲ့ ပျူစောထီးတွေက ပူးပေါင်း သတ်ဖြတ်တာလို့လည်း ရွာသားတွေက ပြောပါတယ်။
အလောင်းဟာ သတ်ဖြတ်ခံထားရတဲ့နေရာမှာပဲ ရှိနေပြီး ဘေးမှာ မိုင်းတွေ ထောင်ထားတယ်လို့ ကြားသိရတာကြောင့် ဘယ်သူမှ သွားမကောက်ရဲကြဘူးလို့လည်း ဆိုပါတယ်။
ရွှေဘိုမြို့နယ် ညောင်ကိုင်းနဲ့ တည်သီတောရွာတို့က ပျူစောထီးတွေဟာ စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းလို့ ဒေသခံတွေက ဒုက္ခပေးနေတယ်လို့လည်း ရွာသားတွေက ပြောပါတယ်။