စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ က CDM လုပ်ထားတဲ့ ကျောင်းဆရာမ တယောက်ကို သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ အောက်တိုဘာ ၁၅ ရက်နေ့က ထောင်ဒဏ် ၂ နှစ်ကျခံဖို့ အမိန့်ချလိုက်ပါတယ်။
အမက (၁၁) မင်းလမ်းကျောင်းက ဆရာမ ဒေါ်ဌေးဌေးဝေကို CDM လှုပ်ရှားမှုမှာ ပါဝင်တယ်ဆိုပြီး ဧပြီ ၁၂ ရက် ညပိုင်းက နေအိမ်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။
“တရားစွဲတာက သဘာဝဘေး ပုဒ်မ ၂၅ နဲ့ စွဲတယ်။ ဒီနေ့ပဲ ထောင်ဒဏ် ၂ နှစ် အမိန့်ချလိုက်တယ်။ ကိုဗစ်စည်းမျည်းတွေ ဖောက်ဖျက်တယ်ဆိုပြီး တရားစွဲထောင်ချတာပါ” လို့ ဆရာမ ဒေါ်ဌေးဌေးဝေ နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဆရာမ ဒေါ်ဌေးဌေးဝေဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာတော့ စစ်သား ဒုတပ်ကြပ် တစ်ဦးနဲ့ ရဲတပ်သားတစ်ဦး ပြည်သူနဲ့ ပူးပေါင်းခဲ့တယ်လို့ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အမှတ် (၁၀) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ဒုတပ်ကြပ် ကျော်လှိုင်ဦး နဲ့ အရာတော် မြို့မရဲစခန်း မှ ရဲတပ်သား ကောင်းထက်ဇော်တို့ဖြစ်ပြီး အောက်တိုဘာ ၆ ရက်နေ့က စတင်ကာ ပြည်သူ့ရင်ခွင်ခိုလှုံတာခဲ့တာလို့ သိရပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့မှာ ဒုတပ်ကြပ် ကျော်လှိုင်ဦး နဲ့ ရဲတပ်သား ကောင်းထက်ဇော်တို့ဟာ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ အရာတော်မြို့နယ် ပြည်သူ့ရင်ခွင်အဖွဲ့တို့ရဲ့ အကူအညီနဲ့ လွတ်မြောက်နေရာတစ်ခုကို ရောက်ရှိပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။