မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ဆူးဖြူကုန်းရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို အောက်တိုဘာ ၁၄ ရက် ည ၁၀ နာရီ မိနစ် ၄၀ ကျော်က တိုက်ခိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၂ ဦးထက်မနည်း သေဆုံးတဲ့အပြင် ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ဒေသခံတစ်ဦးက “ရွာထဲက စာသင်ကျောင်းမှာ ဗုံးကွဲသံကြားတယ်။ ပြီးတော့ သေနတ်ပစ်သံတွေလည်း ကြားတယ်။ ထိခိုက်ဒဏ်ရာတော့ မသိဘူး။ စစ်သားတွေက အဲ့ဒီမှာ အယောက် နှစ်ဆယ်လောက်ပဲရှိတာ။ စုပြုံနေကြတာလည်း မဟုတ်ဘူး။ မနက် နှစ်နာရီ သုံးနာရီလောက်ကတော့ ရွာထိပ်မှာ အပြန်အလှန်ပစ်သံမဟုတ်ဘဲ စစ်သားတွေ ပစ်နေသံတော့ကြားတယ်” လို့ ပြောပါတယ်။
ရန်သူ့အိပ်ဆောင်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ပြန်လည်ခုခံနိုင်ခဲ့တာ မရှိခဲ့ကြောင်းနဲ့ ၁၅ မိနစ်ခန့် အဆက်မပြတ်ပစ်ခတ်ခဲ့ကာ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။
ဒီနေ့မနက်ပိုင်းမှာ နွားထိုးကြီးဘက်က ကား (၅) စီးနဲ့ စစ်ကောင်စီတပ်သားတွေ ဆူးဖြူကုန်းရွာဘက်နေတယ်ဆိုတဲ့ သတင်းကြောင့် ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိတယ်လို့ သိရပါတယ်။
အမရပူရမြို့နယ် စားတော်ကျေးရွာမှာလည်း အောက်တိုဘာလ ၁၄ ရက် ညနေ ၅ နာရီကျော်အချိန်က စစ်ကောင်စီ သတင်းပေးဆိုသူ အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်ခံခဲ့ရပါတယ်။
အသက် ၄၀ ဝန်းရှိ ကိုမျိုးဟာ နေအိမ်ရှေ့ ထိုင်နေချိန် ဆိုင်ကယ် ၁ စီး၊ လူ ၂ ယောက်က သေနတ်နဲ့ ၄ ချက် လာပစ်သွားတာဖြစ်ပြီး ပေါင် ၂ ချက်ထိမှန် ဒဏ်ရာရရှိတာကြောင့် ဆေးရုံတင်ပို့ထားတယ်လို့ သိရပါတယ်။
အမရပူရမြို့နယ်နေ ပြည်သူတစ်ဦးက “ပစ်ခံရသူက စစ်ကောင်စီ သတင်းပေးဒလန်လို့ သိရတယ်။ အဲ့ဒီရွာက လူတွေပြောတာတော့ မသေဘူးတဲ့” လို့ ပြောပါတယ်။