မန္တလေးတိုင်း မိုးကုတ်မြို့ ပိတ်စွယ်ရပ်ကွက်က ပန်းထိမ်ဆရာ ဦးအိုက်ဖြူအပါအဝင် ပြည်သူ ၄ ဦးကို စစ်ကောင်စီက အောက်တိုဘာ ၁၃ ရက်နေ့ မနက် ကိုးနာရီဝန်းကျင်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
"ပါသွားတာ တော့ ၄ ယောက်၊ အိမ်မှာ ရှိနေတဲ့လူ ၄ ယောက်လုံးပါသွားတယ်။ ဦးအိုက်ဖြူရယ်၊ သူတို့အိမ်ကိုလာလည်တဲ့သူရယ်၊ ဦးအိုက်ဖြူရဲ့မိန်းမ၊ သူ့သမီး ရယ်ကို ဖမ်းသွားတယ်၊ အိမ်ကိုလည်း ဝင်မွှေသွားတယ်" လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဦးအိုက်ဖြူက ပန်းထိမ်ဆရာတစ်ဦးဖြစ်ပြီး သပိတ်တွေမှာ ပါဝင်တာမျိုး မရှိတာကြောင့် ဘာကြောင့်ဖမ်းတယ်ဆိုတာကို မသိရဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
“မနက်ပိုင်း အိမ်စီးကားနဲ့ ရဲ ၈ ယောက်လာတယ်။ ခဏကြာတော့ နောက်တစ်ခေါက် စစ်ကားအသေး ၈ စီးနဲ့လာပြီး ဘာမှမပြောဘဲ အိမ်ထဲက လူအကုန်ဖမ်းသွားတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာလည်း မသိရဘူး၊ သူတို့မိသားစုက ရပ်ကွက်ထဲ အေးအေးချမ်းချမ်းပဲနေတယ်၊ လူကောင်းတွေ။"
မိုးကုတ်မြို့မှာ အောက်တိုဘာ ၁၃ ရက်နေ့မနက်က စစ်အုပ်စုက ရပ်ကွက်တွေထဲကို ဝင်ရောက်ရှာဖွေမေးမြန်းတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့မှာ အောက်တိုဘာ ၈ ရက်နေ့က လက်နက်ကိုင်အဖွဲ့တစ်ခု နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က အရာရှိတစ်ဦးနဲ့ တပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။