မွန်ပြည်နယ်၊ ဘီလူးကျွန်း၊ ချောင်းဆုံမြို့ အနောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး တဦး အောက်တိုဘာ ၁၂ ရက် ညနေပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
ဒေသခံတွေပြောဆိုချက်အရ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအောင်ကို အမျိုးသမီးတစ်ဦးက ထောက်ခံစာလာလုပ်တဲ့ ဟန်ဆောင်ပြီး နေအိမ်မှာ သေနတ်ဖြင့် ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအောင်ဟာ သေနတ် ပစ်ခတ်ခံရပြီးနောက် ညာဘက်ရင်အုံ သေနတ်ဒဏ်ရာ တစ်ချက် ရရှိခဲ့ပြီး ချောင်းဆုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
အုပ်ချုပ်ရေးမှူး ဦးအောင်ဟာ စစ်ကောင်စီကို ထောက်ခံအားပေးနေတဲ့အတွက်ကြောင့် သုတ်သင်ရှင်းလင်းရတာလို့ ယက္ခဒီပ (BLDF) အဖွဲ့က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီကို ထောက်ပံ့အားပေးမှုတွေ ပြုလုပ်နေတဲ့ ဘယ်ဝန်ထမ်းကို မဆို သက်ညှာမှာ မဟုတ်ဘူးလို့ ယက္ခဒီပ (BLDF) အဖွဲ့က သတိပေးထားပါတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သေဆုံးပြီးနောက် ဒီကနေ့ အောက်တိုဘာ ၁၃ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ချောင်းဆုံမြို့ရဲ့ နေရာအများစုမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။