ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်(ကေအန်ယူ တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ)မှာ ဒေသတွင်းက လူငယ်တွေ အလုပ်အကိုင် အခွင့်အရေးရရှိစေဖို့အတွက် ကွန်ပျူတာသင်တန်းနဲ့ စက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါသင်တန်းကို ကေအန်ယူ၊ တပ်မဟာ ၇ ၊ပိုင်ကျုံမြို့နယ်ဥက္ကဋ္ဌရဲ့ ဦးဆောင်မှုနဲ့ အောက်တိုဘာ ၁၁ ရက်က ဒေသတွင်းက လူငယ်တွေ အလုပ်အကိုင်ရရှိစေဖို့နဲ့ မိသားစုဝင်ငွေရရှိစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၅၀ ကျော်တက်ရောက်ခဲ့ပါတယ်။
ပိုင်ကျုံမြို့နယ် ဥက္ကဋ္ဌ ပဒိုစောဆာပုလဲဒီဝမ်းက"ကလေးတွေ ကျောင်းမတက်ရတော့ သူတို့မှာ အသက်မွေးဝမ်းကျောင်းမရှိဘူး။ မိသားစုဝင်ငွေရရှိဖို့အတွက် ဖွင့်လှစ်ပေးတာ"လို့ ဆိုပါတယ်။
ဆက်လက်ပြီး သင်တန်းတွေ ထပ်မံဖွင့်လှစ်ပေးသွားမယ့်အပြင် မြို့နယ်နဲ့ အနီးဝန်းကျင် ကျေးရွာက သင်တန်းတက်ရောက်လိုသူတွေကိုပါ လက်ခံဖွင့်လှစ်ပေးနိုင်ဖို့ စီစဥ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ပိုင်ကျုံမြို့ခံ တစ်ဦးက"ဒီသင်တန်းကို ကေအန်ယူက ဖွင့်လှစ်ပေးတာ ကြိုဆိုတယ်။ အခု ကလေးတွေ ကျောင်းတွေက ပိတ်ထားတော့ အလုပ်အကိုင်ကမရှိ။ စိတ်တွေ လေလွင့်နေမဲ့အစား အခုလိုမိသားစု ဝင်ငွေရအောင် အသက်မွေးဝမ်းကျောင်းပညာ သင်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်"လို့ ဆိုပါတယ်။
ကွန်ပျူတာသင်တန်းကို သင်တန်းသား ၂၀ ဦးတက်ရောက်ပြီး စက်ချုပ်သင်တန်းကို သင်တန်းသူ သင်တန်းသား ၅၅ ဦး တက်ရောက် သင်ယူနေတာပါ။
ကေအန်ယူထိန်ချုပ်နယ်မြေဖြစ်တဲ့ ပိုင်ကျုံမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီက အင်အားတိုးချဲ့ပြီး စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေတဲ့အပြင် စောင့်ကြည့်မှုတွေကြားက အဆိုပါသင်တန်းကို ဖွင့်လှစ်ခဲ့ရတာလို့ ကေအန်ယူတာဝန်ရှိသူက ဆိုပါတယ်။