ကချင်ပြည်နယ် မိုးမောက်မြို့အဝင် အလင်းကောင်ကွက်သစ်ရှိ တံတားအနီးမှာ အောက်တိုဘာ ၁၂ ရက်နေ့ညနေ ၄ နာရီ မိနစ် ၂၀ လောက်မှာ စစ်ကောင်စီယာဉ်တန်းကို KIA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၅ ဦး သေဆုံး၊ အများအပြား ဒဏ်ရာရတယ်လို့ သိရပါတယ်။
စိန်လုံဘက်က ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပြည့်တင်ဆောင်လာတဲ့ ယာဉ်တန်း ၇ စီးလောက် မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ ဒေသခံတဦးက ပြောပါတယ်။
“အသံတွေအကျယ်ကြီးပဲ၊ ဆက်တိုက်ပေါက်ကွဲတယ်၊ အကြမ်းဖက်စစ်ကောင်စီဝင်တွေ တော်တော်ထိသွားတာဟုတ်တယ်။ ပြီးတော့ ရမ်းသန်းပစ်ခတ်သွားတယ်၊ ကမ္ဘာပျက်နေတဲ့အတိုင်းပဲ။ ရပ်ကွက်နဲ့နီးတော့ ပြေးလွှားရှောင်ပုန်းကြရတယ်” လို့ ပြောပါတယ်။
အဆိုပါဆွဲမိုင်းတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး အများအပြား ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် KIA ဆီက သိရပါတယ်။ ဒီဗွီဘီကတော့ သေဆုံးဒဏ်ရာရမှုအခြေအနေနဲ့ ပတ်သက်ပြီး သီးခြား အတည်မပြုနိုင်သေးပါဘူး။
အဆိုပါစစ်ယာဉ်တန်းဟာ စိန်လုံတောင်တန်းဘက်ကို မနက်ပိုင်းကတက်သွားခဲ့တာဖြစ်ပြီး အချိန်းအပြောင်းလုပ်တာ ဖြစ်နိုင်ကြောင်း ဒေသခံက ဆိုပါတယ်။
မိုးမောက်မြို့ရှိ လမ်းဆုံးကျောက်တိုင်မှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့က မိုင်းပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဝင် ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။