မကွေးတိုင်း၊ ဆောမြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အဖွဲ့ဝင် ၁၉ ဦးနဲ့ စတင်ဖွဲ့စည်းလိုက်ပြီ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆောမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်သူတဦးက “အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အုပ်ချုပ်ရေးယန္တရား တဖြည်းဖြည်း ခိုင်မြဲစွာ ရပ်တည်နိုင်ရေးရည်ရွယ်ပြီး ဆောမြို့နယ်ထဲက ဒေသတွေအားလုံးကို လွှမ်းခြုံနိုင်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ လိုအပ်သလိုလည်း တိုးချဲ့ဖွဲ့စည်းသွားမှာပါ” လို့ ပြောပါတယ်။
အခု ဖွဲ့စည်းပြီးဖြစ်တဲ့ ဆောမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို နာယကအဖွဲ့ဝင် ၄ ဦး၊ အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ၂ ဦး၊ လုံခြုံရေးတာဝန်ခံ ၃ ဦး၊ ကျန်းမာရေးတာဝန်ခံ၊ လူသားချင်းစာနာကူညီရေးနဲ့ ပြန်လည်နေရာချထားရေးတာဝန်ခံ၊ စည်ပင်သာယာရေးတာဝန်ခံ၊ ဥပဒေရေးရာတာဝန်ခံ၊ ဆက်သွယ်ရေးတာဝန်ခံ၊ လျှပ်စစ်ရေးရာတာဝန်ခံ၊ ဘဏ္ဍာရေးတာဝန်ခံ၊ ပညာရေးတာဝန်ခံ နဲ့ နယ်မြေဒေသအလိုက် လောင်းရှည်ဒေသတာဝန်ခံ၊ ကျောက်ထုဒေသတာဝန်ခံ စတဲ့ တာဝန်ခံ ၁၉ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ဆက်လက်ပြီး ပြည်ထောင်စုလွှတ်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့လမ်းညွှန်ချက်တွေနဲ့ အညီ လိုအပ်တဲ့ကဏ္ဍတွေအလိုက် တိုးချဲ့ဖွဲ့စည်းသွားမှာဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေး ဖွဲ့စည်းပုံ တွေကို မကြာမီထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
မကွေးတိုင်းအတွင်း မြို့နယ်တချို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်နေကြတာ ရှိသလို တချို့နေရာတွေမှာတော့ သတ်ဖြတ်ခံနေရတာရှိပါတယ်။
မကွေးတိုင်း၊ နတ်မောက်မြို့၊ မြောက်ဘက် ရွာမွန်စစ်ဆေးရေးဂိတ်အနီး နတ်မောက်-ပင်းမြို့ဟောင်းကားလမ်းပေါ်မှာ ထွေအုပ်ဝန်ထမ်း ၂ ဦး အောက်တိုဘာ ၁၁ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်လောက်က ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတဦးက "နတ်မောက်ထွေအုပ်ရုံးက စာရေး ၂ ယောက် အပစ်ခံတာ။ ဆိုင်ကယ်နဲ့လာပစ်သွားတာတဲ့။ နှစ်ယောက်လုံးသေသွားတယ်။ ဘယ်ဇာတိလည်းမသိဘူး'' လို့ ပြောပါတယ်။
အသေးစိတ်သိရှိနိုင်ဖို့ နတ်မောက်ထွေအုပ်ရုံးကို ဖုန်းခေါ်ဆိုခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိလို့ ပစ်ခတ်ခံရသူတွေရဲ့ အမည်၊ ရာထူးနဲ့ နေရပ်တွေမသိရသေးပါဘူး။
နတ်မောက်ထွေအုပ်စာရေး ၂ ယောက် ပစ်ခတ်ခံရမှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့ကမှ သူတို့ရဲ့လက်ချက်လို့ ထုတ်ပြန်ကြေညာတာ မတွေ့ရှိရသေးပါဘူး။