မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဧရာဝဏ်ယူစွပ်ဖ်နဲ့ နိုင်ငံရေးပါတီတချို့ အောက်တိုဘာ ၁၂ ရက် ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံပွဲ အစီအစဉ်ပျက်သွားတယ်လို့ သတင်းရရှိပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်နဲ့ ဒီနေ့မှာ မတွေ့ဖြစ်တော့ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။
ဒီနေ့ မတွေ့ဖြစ်ပေမဲ့ ဘယ်နေ့မှာ တွေ့မလဲ ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီအပါအဝင် နိုင်ငံရေးပါတီ ၈ ပါတီက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစဉ်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ဘာကြောင့်ပျက်သွားတယ်ဆိုတာတော့ မသိရသေးပါဘူး။ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်တဲ့သတင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီမီဒီယာတွေမှာ ဖော်ပြခြင်းမရှိသေးသလို အထူးကိုယ်စားလှယ် မြန်မာပြည်ကို ရောက်မလာသေးဘူးလို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်ဟာ နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါဝင် ဘက်ပေါင်းစုံကလူတွေနဲ့ တွေ့ဆုံရဖို့ ခရီးစဉ်မတိုင်ခင် ကမ်းလှမ်းခဲ့ပါတယ်။
အာဏာသိမ်း စစ်ကောင်စီကတော့ တရားရင်ဆိုင်နေရသူတွေနဲ့ တွေ့ဖို့ မဖြစ်နိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။