ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံ ယာဉ်ထိန်းရဲကင်းရုံးမှာ အောက်တိုဘာ ၁၁ ရက် နေ့လယ် ၁ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သမိုင်းလမ်းဆုံမှာရှိတဲ့ City Mart ရှေ့ ယာဉ်ထိန်းရဲကင်းရုံးမှာ စစ်ကောင်စီတပ်များ စုထိုင်နေစဉ် ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့တာတွေရှိတယ်လို့ အခင်းဖြစ်နေရာအနီးနေတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။
"စစ်ကောင်စီတပ်တွေ စုထိုင်နေတဲ့ ယာဉ်ထိန်းရဲရုံးမှာ ဗုံးနှစ်လုံးပေါက်တာ။ သွေးတွေရွှဲနေတဲ့ စစ်သားတစ်ယောက်တော့ တွေ့တယ်။ ဘယ်နှယောက် ထိခိုက်လဲတော့ သေချာမသိဘူး။”
ပေါက်ကွဲသံကျယ်လောင်ကာ ယာဉ်ထိန်းရုံးမှန်တွေလည်း ပွင့်ထွက်သွားပြီး ဘေးပတ်ဝန်းကျင်က သူတွေလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမဲ့ သေဆုံးသူနဲ့ ထိခိုက်သူစာရင်း အတိအကျ မသိရသေးပါဘူး။
ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။