ရှမ်းပြည်နယ်၊ မုံးကိုးဒေသဘက်ကို စစ်ကောင်စီတပ်တွေ လက်နက်ကြီးပစ်ကူ အမြောက်အမြားသုံးကာ အင်းအားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် နယ်မြေခံ MNDAA ကိုးကန့်တပ်တွေနဲ့ အောက်တိုဘာလဆန်းပိုင်းက စတင်ကာ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကိုးကန့်သတင်းဌာနက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၉ ရက် မနက် ၈ နာရီလောက်က မုံးကိုးမြို့မှ ပန်ဆေးဘက်ကို စစ်ကြောင်းချီတက်လာတဲ့ စစ်ကောင်စီတပ်နဲ့ MNDAA တပ်မဟာ (၅)လက်အောက်ခံ အဖွဲ့ခွဲငယ်တို့တိုက်ပွဲ ၁၅ မိနစ်လောက်ဖြစ်ပြီး စစ်ကောင်စီတပ်တွေ မုံးကိုးကို ပြန်ဆုတ်သွားတယ် လို့ဆိုပါတယ်။
တဆက်တည်းမှာပဲ မနက် ၈ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်နဲ့ MNDAA တပ်မဟာ (၂၁၁) တို့ လားရှိုးမြို့နဲ့ သိန်းနီမြို့ အကြား ၁၄ မိုင်မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကား(၁)စီးပျက်စီးသွားပါတယ်။
အောက်တိုဘာ ၉ ရက်နေ့ တနေကုန်နီးပါး စစ်ကောင်စီတပ်တွေက ပန်ဆေးဒေသ လက်ဝါးကပ်တိုင်တောင်ရှိ MNDAA တပ်ဖွဲ့ရဲ့ ကာကင်းစခန်းကို (၆၀) မမ၊ (၈၁) မမ၊ (၁၀၀)မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ခြေလျင်ထိုးစစ်တော့ တက်မထိုးခဲ့ဘူးလို့ ကိုးကန့်သတင်းမှာရေးပါတယ်။
အောက်တိုဘာ ၇ ရက်ကလည်း စစ်ကောင်စီလက်အောက်ခံ (၅၁၇) တပ်ရင်းမှ တပ်သားတွေနဲ့ MNDAA တပ်မဟာ (၅၁၁) လက်အောက်ခံတပ်ဖွဲ့ခွဲတွေ မုန်းဟုန်မှ ရှင်းကိုင်ကြားဒေသမှာ မိနစ် ၂၀ လောက် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် အဆိုပါနေ့ ညနေ ၅ နာရီ ၄၅ မိနစ်မှာလည်း ကြူကုတ် (ပန်ဆိုင်း)မြို့နဲ့ မုံးကိုးမြို့ကြားမှာရှိတဲ့ နမ့်ဟူးသံစက်ရုံမှာ တနာရီလောက် ကြာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဇူလိုင်လကစတင်ပြီး မုံးကိုးဒေသနဲ့ ကြူကုတ်(ပန်ဆိုင်း)ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူလူထု ၂၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။
နှစ်ဖက်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါအဝင် အရာရှိစစ်သည် အများအပြား ထိခိုက်ဒဏ်ရာရကျဆုံးခဲ့တဲ့အပြင် စစ်သုံးပစ္စည်းနဲ့ လက်နက်ခဲယမ်းတွေကို MNDAA ကိုးကန့်တပ်က သိမ်းဆည်းရမိခဲ့ပါတယ်။