မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကံသာကြီးကျေးရွာ၊ စံပြကျေးရွာနဲ့ အောင်ချမ်းသာကွက်သစ်မှာ အောက်တိုဘာလ ၁၀ ရက်နေ့ မနက်စောပိုင်းက ဖမ်းဆီးတာကိုမခံဘဲ ထွက်ပြေးသူတွေကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ပစ်ခတ်ဖမ်းဆီးတာကြောင့် ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲတယ်လို့ သိရပါတယ်။
လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံရွာသားတဦးက “မနက်အစောကြီး ၂ နာရီလောက် စစ်ကောင်စီတပ်တွေက ဝင်ဖမ်းပြီး ကားပေါ်တင်တာကို ဆင်းပြီးထွက်ပြေးကြတာ။ နောက်ကလိုက်ပစ်လို့ ၁ ဦးကတော့ ပွဲချင်းပြီးသေသွားတယ်။ ဒဏ်ရာရတဲ့ ၄ ယောက်ကိုလည်း ထုရိုက်ပြီး ကားနဲ့တင်ပြီးဖမ်းခေါ်သွားတယ်။ ကမ္ဘာပျက်သလိုပါဘဲဗျာ” လို့ ပြောပြပါတယ်။
ကျေးရွာဒေသခံဒလန်တဦးရဲ့ မမှန်မကန်တိုင်ကြားချက်ကြောင့် အပြစ်မဲ့တဲ့ ကျေးရွာသားတွေ နစ်နာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူမှာ ကံသာကြီးကျေးရွာမှာနေထိုင်တဲ့ ကိုဝင်းထက်ကျော် (ခ) ကိုထက် ဆိုသူဖြစ်ပြီး တရွာတည်းနေတဲ့ ကိုစိုးလွင်ဦး ၊ ကိုသန်းလွင်မြင့်၊ စံပြကျေးရွာက ကိုခန့်စည်သူနဲ့ အောင်ချမ်းသာကွက်သစ်က အမျိုးသား ၁ ဦးတို့လည်း ဒဏ်ရာခဲ့ကြတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
ပစ်ခတ်ခံရတဲ့ ကိုသန်းလွင်မြင့်ကတော့ ပေါင်ကိုကျည်ဆန်ထိမှန်တဲ့အတွက် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
သေဆုံးသူ ကိုဝင်းထက်ကျော် (ခ) ကိုထက် နဲ့ ဒဏ်ရာရရှိသူတွေဟာ NLD ပါတီဝင်တွေဖြစ်ကြပြီး NLD ပါတီအစိုးရလက်ထက်က ဒေသအာဏာပိုင်အဖွဲ့တွေနဲ့ပူးပေါင်းပြီး ရပ်ရွာအကျိုးဆောင်ရွက်ခဲ့ကြသူတွေဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။