Home
မြန်မာသတင်း
ပွင့်ဖြူတွင် မြစ်ရေတက်နေသဖြင့် စာသင်ကျောင်း ၅ ကျောင်း ပိတ်ထားရ
DVB
·
September 5, 2023
High School (05-09-2023)

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှာ စက်တင်ဘာ ၆ ရက် ဒီနေ့ မနက်က ဧရာဝတီမြစ်ရေ ထပ်မံမြင့်တက်လာလို့ ကျေးရွာ ၁၁ ရွာမှာ ရေတက်ခဲ့ပြီး စာသင်ကျောင်း ၅ ကျောင်း ပိတ်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီနေ့ မနက်အစောပိုင်းက ဧရာဝတီမြစ်ရေ မြင့်တက်လာလို့ မြစ်ကမ်းပါးနဲ့နီးတဲ့ ရွာတွေဖြစ်တဲ့ နန်းတော်ကျွန်း၊ ငှက်ပျောတော၊ ရေချမ်းစင်၊ အရှေ့လေးအိမ်၊ ငှက်တော်ကုန်း၊ ဘီးဇပ်ခုံ၊ ကျွန်းကလေး၊ ဇီးကျွန်း၊ ငါးခြောက်ကျွန်း၊ မြင်းခြံစုနဲ့ ထူးကျေးရွာတွေမှာ မြစ်ရေဝင်ရောက်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ဒီရက်ထဲ မိုးအဆက်မပြတ်ရွာတော့ မြစ်ရေတက်တာ၊ အိမ်တွေပြောင်းရွှေ့ရတာမရှိဘူး။ ကျွဲနွား တိရစ္ဆာန်တွေတော့ ဘေးလွတ်ရာသွားထားရတယ်၊ အခြေအနေစောင့်ကြည့်နေရတယ်။" 

ဒါ့အပြင် စာသင်ကျောင်းတွေထဲထိ ရေဝင်ရောက်နေလို့ ဇီးကျွန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၊ သိမ်းကုန်းကျေးရွာ၊ ကံလှကျေးရွာ၊ ကျောင်းစုကျေးရွာနဲ့ ရေချမ်းစင်ကျေးရွာတို့က အခြေခံပညာမူလတန်းကျောင်းတွေ ပိတ်ထားရတယ်လို့ မြို့နယ်ပညာရေးမှူးရုံးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဘယ်လောက်ပိတ်မယ်ဆိုတာ ပြောလို့မရဘူး၊ ကလေးတွေ အန္တရာယ်ကင်းဖို့က အရေးကြီးတယ်၊ မြစ်ရေပြန်ကျရင် ပိတ်တဲ့ရက်တွေကို အစားထိုးပြန်သင်ပေးမှာပါ။" 

ဧရာဝတီမြစ်ကမ်းဘေးနဲ့နီးတဲ့ ကျေးရွာတွေဟာ မြစ်ရေတက်တဲ့အချိန်မှာ ကျေးရွာအတွင်း ရေဝင်ရောက်မှုကို နှစ်စဉ် ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်ကလည်း ဧရာဝတီမြစ်ရေတက်လို့ ပွင့်ဖြူမြို့နယ် ဇီးကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ သံကိုင်းကျေးရွာ၊ သိမ်ကုန်းကျေးရွာ၊ ကံလှကျေးရွာ၊ ကျောင်းစုကျေးရွာနဲ့ ကူကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့ ပိတ်ခဲ့ရပါသေးတယ်။

ဒါ့အပြင် သြဂုတ် ၁၈ မှ ၂၂ ရက်အတွင်း မြစ်ရေမြင့်တက်ခဲ့လို့ မကွေးတိုင်းဒေသကြီး ပွင့်ဖြူ၊ ရေနံချောင်း၊ စလင်း၊ မင်းဘူး (စကု) စတဲ့ မြို့နယ်က အခြေခံပညာစာသင်ကျောင်း ၂၆ ကျောင်း ပိတ်ထားခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024