စစ်ကောင်စီရဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ကချင်ပြည်နယ်၊ ပူတာအို ခရီးစဉ်အတွင်း DVB၊ BBC နဲ့ VOA သတင်းတွေ မကြည့်ဖို့ ဒေသခံတွေကို တားမြစ်စည်းရုံးခဲ့တယ်လို့ ပူတာအို ဒေသခံတစ်ဦးက ပြောပါတယ်။
အောက်တိုဘာ ၃ ရက်က ရောက်ရှိလာတဲ့ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က သူ့ရဲ့ ပူတာအိုခရီးစဉ်မှာ နောင်မွန်၊ မချမ်းဘော့၊ ခေါင်လန်ဖူးနဲ့ ပန်နန်းဒင်မြို့တွေမှာ နေထိုင်တဲ့ ဒေသခံတွေကို ပြောခဲ့တာပါ။
စစ်ကောင်စီဝန်ကြီးဟာ တစ်မြို့ပြီး တမြို့လှည့်လည်သွားလာခဲ့ပြီး ရောက်တဲ့နေရာတိုင်းမှာ DVB၊ BBC၊ VOA၊ စတဲ့သတင်း ဌာနတွေဟာ သတင်းအမှောင်ချ ဝါဒဖြန့် သတင်းအမှားတွေကိုသာ ထုတ်လွှင့်နေလို့ မယုံကြည် ကြဖို့ အထူးမှာကြားခဲ့တယ်လို့ ဆိုပါတယ်။
ပူတာအို၊ မချမ်းဘော့၊ မဂွေဇ၊ နောင်မွန်၊ ခေါင်လန်ဖူး၊ ပန်နန်းဒင်တို့မှာရှိတဲ့ လမ်းတံတားတွေကို စစ်ဆေးပြီးတော့ ရပ်မိရပ်ဖတွေ ဌာနေပြည်သူ့စစ်တွေနဲ့ တွေ့ဆုံခဲ့ကာ ပြည်သူ့စစ်သင်တန်းသားတွေကိုလည်း အားပေးစကား ပြောခဲ့တယ်လို့ ၄၆ တပ်ရင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ပူတာအိုမြို့ကို သွားဖို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမဲ့ ရာသီဥတု အေးတာကို အကြောင်းပြပြီး ခရီးစဉ်ကို ဖျက်သိမ်းခဲ့တာ ၂ ကြိမ်ရှိခဲ့ပြီး သူ့ကိုယ်စား နယ်လုံဝန်ကြီးကို စေလွှတ်ခဲ့တယ်လို့ သိရ ပါတယ်။