ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ဘုံမွန် ကုန်းမြင့်စိုက်ခင်းအနီး မြန်မာ-တရုတ် ပင်မကုန်သွယ်ရေးလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်စစ်ကြောင်းတို့ အောက်တိုဘာ ၉ ရက် ဒီမနက် တိုက်ပွဲဖြစ်ပွားလို့ ခရီးသွားယာဉ်တွေ ရပ်တန့်စောင့်နေခဲ့ရပါတယ်။
“စစ်တပ်နဲ့ ဘယ်အဖွဲ့ တိုက်နေကြလည်း မသိဘူး၊ ကားတွေကတော့ ရပ်စောင့်နေရတယ်” လို့ မူဆယ်ကို သွားမယ့် ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
ရမခ ဘုံမွန်စိုက်ခင်းဟာ တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့နဲ့ ၁၀ မိုင်ကျော်သာ ဝေးကွာပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်တွေ စခန်းချထားတာ ရှိပါတယ်။
လွန်ခဲ့တဲ့ စက်တင်ဘာလအတွင်းမှာလည်း အဲဒီစိုက်ခင်းနဲ့ ၂ မိုင်အကွာ နမ့်တွန်းကျေးရွာ ပြည်ထောင်စုလမ်းမကြီးအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်တို့ကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
ဘုံမွန်နဲ့ နမ့်တွန့်ကျေးရွာအနီးတဝိုက်ဟာ တိုင်းရင်းသား တော်လှန်ရေးလက်နက်တပ် စစ်ကြောင်းတွေ ဖြတ်သန်းသွားလာလေ့ရှိတဲ့ နေရာတစ်ခုဖြစ်ပြီး မကြာခဏ ထိတွေ့မှု ဖြစ်ပွားလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်တွေကြား တိုက်ပွဲဖြစ်ပွားနေသလို့ SSPP၊ TNLA ပူးပေါင်းတပ်ဖွဲ့နဲ့ RCSS တပ်တွေကြား တိုက်ပွဲဖြစ်ပွားနေပါတယ်။
နှစ်ဘက်တိုက်ပွဲတွေကြောင့် ဒေသခံထောင်နဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရ ပါတယ်။