ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်ခွဲရှိ ပန်းလုံအုပ်စု၊ လွယ်ကန်ရွာက အရပ်သားပြည်သူ ၂ ဦး အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်း ၄ နာရီလောက်က ဟင်းသီးဟင်းရွက်ရှာသွားရင်း မိုင်းနင်းမိပြီး အမျိုးသမီး ၁ ဦး သေဆုံး၊ အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ ၁ ဦးက “စားသောက်ဖို့ အခက်အခဲ ဖြစ်နေလို့ ဟင်းသီးဟင်းရွက် သွားရှာတဲ့နေရာ အဲလို နင်းမိတာ။ ၂ ယောက်စလုံး တနေရာတည်းမှာ ဖြစ်တာ။ ၁ ယောက်တော့ သေသွားပြီ။ ၁ ယောက်က မသေဘူး။ လက်ချောင်းတွေ ကျိုးသွားတယ်။ သားအမိတော့ မဟုတ်ဘူး။ တရွာတည်းကပဲ” လို့ ပြောပါတယ်။
သေဆုံးသွားသူက လွယ်ကန်ရွာက အသက် ၅၈ နှစ်အရွယ်ရှိ ဒေါ်လဇွမ်ဒေါင်နော ဆိုသူဖြစ်ပြီး လက်ချောင်းတွေ ကျိုးသွားတဲ့သူက အသက် ၃၈ နှစ်ရှိ ဦးလဂွေတိန့်ခေါ ဖြစ်တယ်လို့ ပြောပါတယ်။
သေဆုံးသွားသူနဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက “မနေ့ ညနေပိုင်း ၄ နာရီလောက်က ပေါက်ကွဲသံတော့ ကြားတယ်။ ဘယ်သူမှ သွားမကြည့်ရဲဘူး။ ဒဏ်ရာရတဲ့သူက ပြန်ပြောပြတာ။ စစ်ကောင်စီတပ်နဲ့ တော်တော်တော့ ဝေးသေးတယ်ပြောတယ်။ အဲလို ဖြစ်သွားတာ” လို့ ရှင်းပြပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီးကြီးရဲ့ အလောင်းကိုတော့ ဒီကနေ့ အောက်တိုဘာလ ၈ ရက်နေ့မှ အလောင်းသွားကောက်ပြီး သင်္ဂြိုဟ်လိုက်တယ်လို့ ဆိုပါတယ်။
မုံးကိုးမြို့နယ်ခွဲမှာ မိုင်းနင်းမိ သေဆုံးသူ ဖောင်းဆိုင်ဘက်မှာ အမျိုးသား ၂ ဦး၊ အခု လွယ်ကန်မှာ အမျိုးသမီးသမီး ၁ ဦး၊ စုစုပေါင်း ၃ ဦးရှိပြီဖြစ်ပြီး ဖောင်းဆိုင်ရွာက အသက် ၇၀ ကျော် အမျိုးသား ၁ ဦးလည်း မိုင်းနင်းမိ ဒဏ်ရရကာ ဆေးကုသနေဆဲ ဖြစ်ပါတယ်။