စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ထဲက သောင်ပြင်ငယ်ရွာကို အောက်တိုဘာ ၇ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီဘက်က စစ်အင်အားအလုံးအရင်းနဲ့ စီးနင်းပစ်ခတ်တာကြောင့် ရွာသား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်စီးနင်းတာကြောင့် ဒေသခံပြည်သူ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရသလို လက်လုပ်သေနတ်နဲ့မိသွားတဲ့ရွာသား ၂ ဦးကိုတော့ ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လက်နက်နဲ့မိသွားတဲ့ ရွာသား နှစ်ဦးကိုတော့ သတ်ပြီးပြီ လို့ စစ်ကောင်စီတပ်က ပြောတယ်။ အဖမ်းခံရတဲ့ မိန်းမနဲ့ညီက ဖုန်းဆက်တော့ စစ်သားတစ်ယောက်က ကိုင်ပြီး ထပ်မဆက်နဲ့ ငါတို့သတ်ပြီးပြီလို့ဖုန်းဖြေခဲ့တယ်။ အခုထိ ရွာထဲမှာ စစ်တပ်က ရှိနေသေးလို့ ဟုတ်၊ မဟုတ် မသိရ သေးဘူး”လို့ ဒေသခံရွာသား တစ်ဦး ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ မင်းကင်းမြို့နယ်က ခွက်ခွင်း၊ဇင်ကလည်၊လောင်းပစ်၊ ကန်ပေါက်စတဲ့ရွာတွေကို စီးနင်းခဲ့ပြီး ရေဦးမြို့နယ် အောင်သုခ၊အိုက်၊သောင်ပြင်ငယ်ရွာတွေကို ဆက်လက်စီးနင်းပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
အခုအခါမှာတော့ မင်းကင်းနဲ့ရေဦးမြို့နယ်ထဲက ကျေးရွာ ၈ ရွာလောက်က ပြည်သူ တစ်သောင်းကျော်ဟာ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။