မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ (န) လခုပ္ပင်ကျေးရွာကို အောက်တိုဘာ ၂၈ ရက်နေ့ ည ၁ နာရီဝန်းကျင်က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဝင်ရောက်လာပြီး သေနတ်တွေ ပစ်ဖောက်ခြောက်လှန့်ပြီး နေအိမ်တွေထဲဝင်ရောက်မွှေနှောက်ရှာဖွေကာ ရွှေ၊ ငွေနဲ့ အခြားအဖိုးတန်ပစ္စည်းတွေ ယူဆောင်သွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမည်မဖော်လိုတဲ့ ရွာခံတဦးက ''ရွာကလူငယ် ဖြူကြီးကို လာရှာတာတဲ့။ ဖြူကြီးက ရွာမှာ မရှိတာကြာပေါ့။ စစ်သားတွေက ရွာထဲက အိမ်တွေကို ဝင်ရောက်ရှာဖွေမွှေနှောက်သွားပြီး ငွေကျပ် ၁၀ သိန်းကျော်၊ ဆိုင်ကယ် ၁ စီး၊ TV တစ်လုံး၊ အဝတ်အစားတွေလည်း ယူသွားတယ်'' လို့ ပြောပါတယ်။
ဒေသခံကျေးရွာသား ၆ ယောက်ကိုလည်း ဖမ်းဆီးပြီး လူမဆန်စွာ ရိုက်နှက်နှိပ်စက်သွားကြလို့ ကျေးရွာဒေသခံတချို့လည်း ထွက်ပြေးတိမ်း ရှောင်နေကြရတယ်လို့ ဆက်လက်ပြောပြပါတယ်။
နတ်မောက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်ခံနေရာတွေကို ဒေသခံကာကွယ်ရေးတပ်တွေက မကြာခဏဆိုသလို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး နတ်မောက်မြို့နယ်မှာ စက်တင်ဘာလအတွင်းက Mytel တာဝါတိုင် ၂ တိုင် ဖျက်ဆီးခံထားရတာလည်း ဖြစ်ပါတယ်။