စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့က လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးရဲ့ နေအိမ်တွေကို ဩဂုတ်လ ၁၉ ရက် ည ၇ နာရီလောက်မှာ စစ်တပ်အင်အား ၃၀ လောက်နဲ့ ဝင်ရောက်စီးနင်းရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက “မနေ့ည ၇ နာရီလောက်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေရဲ့အိမ်ကိုဝင်ပြီး ရှာကြတယ်၊ တစ်နာရီလောက်ရှာဖွေနေကြပြီး ပြန်သွားတယ်။ နောက်ထပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းအိမ်ကို ရှာတယ်လို့ ပြောတယ်။ ဘာကြောင့်ရှာတယ်၊ ဘာရှာတယ် ဆိုတာတော့ မသိရဘူး။ ကိုယ်စားလှယ်တွေကလည်း အဲဒီအိမ်တွေကို မနေတာကြာပြီ၊ ၅၀၅ (က) ထုတ်ပြီးကတည်းက သူတို့အားလုံးမိသားစုလိုက် ပြောင်းသွားကြတာ၊ ဒီမှာ အုပ်အော်သောင်းတင်း ဆန္ဒပြနေကြတာကို လာမကြည့်ကြတော့တာ အခုအချိန်အထိပဲ” လို့ ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်အိမ်တွေ ဝင်ရောက်မစီးနင်းမီ ညနေ ၅ နာရီလောက်ကလည်း မြို့ပေါ်က ဆိုင်ကယ်ကယ်ရီဆွဲနေတဲ့ ဦးကံတင်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရွှေဘိုခရိုင်အတွင်းက ရေဦး၊ တန့်ဆည်၊ ဒီပဲယင်း စတဲ့ မြို့နယ်တွေက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့နေအိမ်တွေကို အဓိက ပစ်မှတ်ထားရှာဖွေတာတွေ ပြုလုပ်နေကြပြီး NLD နဲ့ ပတ်သက်တဲ့ အလံ တံဆိပ် ရင်ထိုးကစပြီး စာရွက်စာတမ်းနဲ့ အသုံးအဆောင် ပစ္စည်းအဆုံး သိမ်ယူနေတာတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။