ဧရာ၀တီတိုင်း၊ မအူပင်မြို့လယ်ကောင်၊ မင်းလမ်းနဲ့ ဘုရားလမ်းဆုံရှိ CB ဘဏ်ခွဲရှေ့ ယာဉ်ထိန်းရဲကင်းမှာ အောက်တိုဘာ ၇ ရက် ဒီနေ့ညနေက ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ညနေ ၄ နာရီလောက်မှာ မိုးရွာနေချိန် ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး မီးလောင်တာမျိုးတော့ မတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“မိုးရွာနေတုန်း ဗုံးကပေါက်တာ အုန်းဆိုပြီးကြားတော့ ဘာဖြစ်မှန်းမသိဘူး ပြီးမှ ယာဉ်ထိန်းရုံးထဲက မီးခိုးတွေထွက်လာတာ။ လူထိတာ ရှိ မရှိတော့ မသိဘူး။ ခုစစ်သားတွေရောက်နေတယ်”လို့ မြို့ခံတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်သားတွေရောက်လာပြီး ပတ်ဝန်းကျင်ကို ဆဲဆိုကြိမ်းမောင်းကာ ပိတ်ဆို့စစ်ဆေးနေပါတယ်။
မအူပင်မြို့မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဗုံးပေါက်ကွဲမှု ၅ ကြိမ်ထက်မနည်းရှိခဲ့ပြီး ဒီတကြိမ်တော့ ပေါက်ကွဲမှု အပြင်းထန်ဆုံးလို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက မအူပင်မြို့မှာ သတင်းပေးဒလန်တွေရဲ့ မဟုတ်မမှန် သတင်းပေးမှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူတွေ ဆက်တိုက်ဖမ်းဆီးခံနေရပါတယ်။