စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှေ့ပိုင်း မြင်းတန့်ကျေး ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ အောက်တိုဘာလ ၆ ရက်မနက် ၁၀ နာရီလောက်က စစ်အင်အား ၅၀ ခန့်နဲ့ ခြေလျင်စစ်ကြောင်းသွားနေစဉ် ဒေသခံ PDF တွေက မိုင်းဆွဲတိုက်ခိုက်လို့ ၂ ဦးသေဆုံးပြီး၊ ၃ ဦး အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး၊ ၃ ဦး အပြင်းအထန် ဒဏ်ရာရကာ တော်လှန်ရေး တပ်သားတွေကတော့ အန္တရာယ်ကင်းကင်းနဲ့ဆုပ်ခွာနိုင်ခဲ့တယ်လို့ ဒေသခံ PDF အဖွဲ့တွေက ပြောပါတယ်။
အဆိုပါစစ်တပ်ဟာ မြင်းတန့်ကျေး ကျေးရွာတရွာမှာ အောက်တိုဘာ ၅ ရက်နေ့မနက်ပိုင်းက စတင်တပ်စွဲခဲ့တာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာတော့ အနီးအနားကျေးရွာတွေကို လှည့်လည်ဖို့ ထွက်ခွာလာစဉ် လမ်းမှာမိုင်းမိခဲ့တာဖြစ်ပါတယ်။