ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ် ၂၄ ရပ်ကွက်ရုံးရှေ့မှာ အောက်တိုဘာ ၆ ရက် မနက်ပိုင်းက ဗုံး နှစ်ကြိမ်ပေါက်ကွဲခဲ့လို့ ရာအိမ်မှူးတစ်ဦး ဒဏ်ရာရသွားပါတယ်။
မသင်္ကာစရာ အိတ်တလုံးကို တွေ့ရှိတဲ့အတွက် ၂၄ ရပ်ကွက် ရာအိမ်မှူးဦးစောသန်းထွန်းက တုတ်နဲ့ သွားထိုးရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ဒဏ်ရာရသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“မနက် ၆ နာရီ ၁၅ လောက်က အုပ်ကြီးရုံးနားမှာ ဗုံးပေါက်တယ်။ ၂ လုံးပေါက်တာ၊ မိနစ် ၂၀ လောက်ခြားပြီး။ ရာအိမ်မှူးက အဲဒီအိတ်ကို တုတ်နဲ့သွားထိုးတာ ဗုံးပေါက်တာ။ လက်နဲ့ ခြေထောက် ဒဏ်ရာရသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ဦးစောသန်းထွန်းဟာ လက်နဲ့ ခြေထောက်တွေမှာ မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ကာ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့ ရပ်ကွက်ရုံးအနီးမှာ အရင်ကတည်းက အကာအရံတွေ ချထားပြီး မော်တော်ယာဉ်တွေ ဝင်ထွက်သွားလာခွင့်မရဘဲ လူတွေသာ ဖြတ်သန်းသွားလာခွင့်ပြုထားတယ်လို့ သိရပါတယ်။