စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အုံးခါးကျေးရွာမှာ အောက်တိုဘာ ၅ ရက် နေ့လယ် ၁၂ နာရီ လောက်က စစ်တပ်က နယ်မြေရှင်းလင်းရေးဝင်ရောက်လာပြီး နေအိမ် ၅ လုံးရှိ အတွင်းပစ္စည်းတွေကို ရိုက်နှက်ဖျက်ဆီးသွားပြီး ရွှေငါးမူးသားလောက်ကို ယူသွားတယ်လို့ဒေသခံတွေဆီက သိရပါတယ်။
“စစ်တပ်ကတော့ဗျာ ဒီအတိုင်းနေတဲ့ကားမှန်တွေလည်း ရိုက်ခွဲကြတယ်၊ ဗီရိုကောင်းတာ ဆိုရင် ဖျက်သွားတယ်၊ သောက်ရေအိုးတွေကစပြီး ရိုက်ခွဲတာပဲ၊ အဝတ်အစားတွေလည်း လွှင့်ပစ်၊ ဘာရှာလို့ ဘာလုပ်ကြမှန်းမသိဘူး၊ လူရှာတာလည်း မဟုတ်၊ ပစ္စည်းရှာတာလည်း မဟုတ်၊ သက်သက်ဖျက်ဆီးသွားကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှာ နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်က စီးနင်း ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့တဲ့ ကျေးရွာပေါင်း ၂၀ ကျော်ရှိသွားပြီလို့ သိရပါတယ်။