မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းရွာမှာ အောက်တိုဘာ ၃ ရက် မနေ့ည ၉ နာရီလောက်က ကျောင်းဆရာလင်မယား သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
ဆင်ဖြူကုန်းရွာမှာ နေထိုင်တဲ့ ကျောင်းဆရာ ဦးသီဟနဲ့ ကျောင်းဆရာမ ဒေါ်မြသန်းဌေးတို့ လင်မယားနေအိမ်မှာ ရှိနေအချိန် အမည်မသိလူတစ်စုက သေနတ်နဲ့ လာရောက်ပစ်ခတ်သွားတာလို့ဒေသခံက ပြောပါတယ်။
“သူတို့ က CDM မလုပ်ထားဘူး။ မလုပ်တဲ့အပြင် CDM သမားတွေကို စာရင်းလုပ်ပြီး ပို့တာတွေလည်း ရှိတယ်။ သတင်းပေးတာတွေ လုပ်နေသူတွေ” လို့ ငါန်းဇွန်မြို့နယ် နေထိုင်သူ တစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုကြောင့် ကျောင်းဆရာ ဦးသီဟ နေရာမှာတင် သေဆုံးသွားပြီး ကျောင်းဆရာမ ဒေါ်မြသန်းဌေးကတော့ ငါန်းဇွန်ဆေးရုံကနေတဆင့် မန္တလေးဆေးရုံကြီးကို တင်ပို့ထားရတယ်လို့ သိရပါတယ်။
အဆိုပါ ကျောင်းဆရာနဲ့ ဆရာမ လင်မယားကို ဘယ်အဖွဲ့က ပစ်သတ်သွားတယ်ဆိုတာ မသိရသေးပါဘူး။