မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ဝက်အင်းကျေးရွာအနီးက စစ်တပ်ပိုင် Mytel ဆက်သွယ်ရေး တာဝါတိုင် တတိုင် အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းက ဖောက်ခွဲဖျက်ဆီးခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဝက်ကြီးအင်းကျေးရွာအနီးမှာ စိုက်ထူထားတဲ့ Mytel တာဝါတိုင်ကို ညောင်ဦးမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BGN-NYU PDF) က ဖောက်ခွဲ ဖျက်ဆီးခဲ့တာလို့ ပုဂံညောင်ဦး ဒေသခံတစ်ဦးက ပြောပါတယ်။
“ညနေပိုင်း ၅ နာရီကျော်လောက်က အသံကြားလိုက်တယ်၊ ညောင်ဦး ကာကွယ်ရေးတပ်ဖွဲ့က လုပ်တာလို့တော့ သိရတယ်။ မြင်ရတာကတော့ မီးလောင်ပြီး ပျက်စီးတာပေါ့။ ဖောက်ခွဲဖျက်ဆီးတဲ့သူတွေ ဘေးကင်းအောင်လို့ ငါတို့လည်း အသံကြားပြီး သွားမကြည့်ဘူး၊ ဘယ်သူမှလည်း သွားမကြည့်ကြဘူး။ ဒီက လှမ်းမြင်ရတာတော့ မီးခိုးတွေ တက်လာတာပဲ”လို့ ပြောပါတယ်။
ပုဂံညောင်ဦးဒေသမှာ ဧည့်သည်တွေအလာနည်းသလို ခရီးသွားလုပ်ငန်းလည်း မကောင်းသေးတဲ့ အကြောင်းနဲ့ ဟိုတယ်တွေ တည်းခိုခန်းတွေကို စစ်ကောင်စီက ညတိုင်းလိုလို ဝင်စစ်ဆေးတာတွေ ဖမ်းတာတွေရှိနေတယ်လို့လည်းဆိုပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်တဲ့ လုပ်ရပ်တွေကို အကာအကွယ်ပေးဖို့ ပုဂံညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အောက်တိုဘာ ၁ ရက်က စတင်ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
အောက်တိုဘာ ၃ ရက် တစ်နေ့တည်းမှာပဲ မန္တလေးတိုင်းအတွင်း အမရပူရနဲ့ ညောင်ဦးမြို့နယ်အတွင်း Mytelတာဝါတိုင်တွေ ဖျက်ဆီးခံရတာ ဖြစ်ပါတယ်။
စက်တင်ဘာလထဲက မန္တလေးတိုင်းအတွင်း သပိတ်ကျင်း၊ စဉ့်ကူး၊ ပုသိမ်ကြီး၊ တံတားဦး၊ ကျောက်ဆည် စတဲ့ မြို့နယ်တွေမှာ စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင်တွေ ဖျက်ဆီးခံခဲ့ရပါတယ်။