ဧရာဝတီတိုင်းမြို့တော် ပုသိမ်ကို ဝင်ထွက်သွားလာနေတဲ့ ခရီးသည်တင်ရေယာဥ်တွေနဲ့ ကုန်တင်ရေယာဥ်တွေကို အောက်တိုဘာ ၃ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ ရဲတွေက လုံခြုံရေးတင်းကျပ် ရှာဖွေစစ်ဆေးနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ပုသိမ်မြို့ကို ရေလမ်းကြောင်းနဲ့ ငပုတောအောက်ဘက် ကျေးရွာတွေနဲ့ ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို ပြေးဆွဲနေတဲ့ ရေယာဥ်လိုင်းတွေကို ရှာဖွေ စစ်ဆေးနေတာဖြစ်ပါတယ်။
"သူတို့က ပြည်သူကို စိတ်ညစ်အောင်လုပ်နေတာလေ၊ ညဘက်ဆို စစ်တာတွေကော မြို့ထွက်စစ်တာတွေကောလုပ်တယ် "လို့ ပုသိမ်မြို့ခံတစ်ဦးက ပြောပါတယ်။
ခရီးသည်တင်စက်လှေတွေ၊ ကုန်တင်ရေယာဉ်တွေအပြင် ပုသိမ်မြို့နယ်အတွင်းက ကျောက်ငူကူးတို့ဆိပ်၊ ဝဲဒေါင့်ကူးတို့ဆိပ်နဲ့ အမှတ် ၁ ဘောတံတားဆိပ်ကမ်းတို့မှာပါ လက်နက်ကိုင်တပ်တွေက ရှာဖွေစစ်ဆေးနေတယ်လို့ သိရပါတယ်။
ငဝန်မြစ်ကြောင်းတလျှောက် တပ်မတော်၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ ရေကြောင်းရဲတပ်ဖွဲ့၊ မိုင်းရှင်းလင်းရေးအဖွဲတွေ နေ့/ညမပြတ် ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးမှုတွေ အချိန်ပြည့်လုပ်ဆောင်နေတယ်လို့လည်း ပုသိမ်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။