၂၀၂၁ ခုနှစ် အောက်တိုဘာလဆန်းထဲမှာ မန္တလေးဈေးကွက်အတွင်း စီပီပြောင်းဈေးဟာ ရန်ကုန် ဝယ်လက်တွေကြောင့် တစ်ပတ်အတွင်း တစ်သောင်းကျော်အထိ မြင့်တက်လာတယ်လို့ မန္တလေး ပြောင်းပွဲရုံတွေက သိရပါတယ်။
စက်တင်ဘာလကုန်ပိုင်းက မန္တလေးဈေးကွက်မှာ ပြောင်းဈေး ၃ တင်းဝင် ၁ အိတ်ကို ၃၁,၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ရာက အောက်တိုဘာလဆန်းပိုင်းမှာ ၄၁,၀၀၀ ကျပ်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေက လိုအပ်ချက်ရှိနေတဲ့အတွက် ရန်ကုန် ဝယ်လက်တွေဟာ မန္တလေး ဈေးကွက်အတွင်း ဝယ်ယူမှုများလာတာကြောင့် အခုလို ဈေးနှုန်းမြင့်တက်လာတာလို့ ပွဲရုံတွေက သိရပါတယ်။
ထိုင်းနိုင်ငံက ဝယ်လိုအားများတာနဲ့ အိန္ဒိယနိုင်ငံရဲ့ ပြောင်း လိုအပ်ချက်တွေကြောင့် ရန်ကုန်ဝယ်လက်တွေက မန္တလေးဈေးကွက်အတွင်း ဝင်ရောက် ဝယ်ယူကြတာကြောင့် အခုလို ရုတ်တရက် မြင့်တက်လာတာလို့ သိရပါတယ်။
မန္တလေး စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က “လွန်ခဲ့တဲ့ သီတင်းတပတ်လောက်က ပြောင်းဈေး ၅၄ ပိဿာဝင် ၃ တင်း တအိတ်ကို ကျနော်တို့ ၃၁,၀၀၀ ကျပ် ဈေးပေါက်ပါတယ်။ ဒီနေ့ အောက်တိုဘာလဆန်း ၁ ရက်နေ့မှာ ဆိုရင် ၁ သောင်းလောက် ခုန်ကျော်ပြီးတော့ ဒီ ၄၁,၀၀၀ ကျပ် ဈေးအထိ ရုတ်တရက် ဈေးမြင့်တက်လာပါတယ်။ အခုလို မြင့်တက်လာရတဲ့ဟာကတော့ ကျနော်တို့ ဝယ်လိုအားကြောင့်လို့ ပြောလို့ရပါတယ်။ ပြည်တွင်း ပြည်ပ ဝယ်လိုအားကြောင့်လို့ ဆိုလိုပါတယ်” လို့ ပြောပါတယ်။
အခုအချိန်မှာ စီပီပြောင်းဟာ ပြည်တွင်းရော ပြည်ပမှာပါ လိုအပ်ချက်တွေရှိနေပြီး တိရစ္ဆာန် အစားအစာအတွက် အစာစက်ရုံတွေက ကုန်ကြမ်းအဖြစ် ဝယ်ယူကြတယ်လို့ သိရပါတယ်။
စီပီပြောင်းတွေကတော့ မန္တလေးဈေးကွက်ထဲကို ကချင်ပြည်နယ်၊ ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်း၊ ကယားပြည်နယ်တွေကလည်း ထွက်ရှိနေပြီး မကြာခင် နေပြည်တော်၊ တပ်ကုန်း၊ ပျဉ်းမနားဘက်ကလည်း ပြောင်းတွေ ထွက်တော့မယ်လို့ သိရပါတယ်။