ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာကို အောက်တိုဘာ ၂ ရက်နေ့ နေ့လယ် ၂ နာရီခွဲလောက်က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီး အပြစ်မဲ့ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ အောက်ရေဖြူသပိတ်ကော်မတီက ပြောပါတယ်။
အိမ်စီးကားနှစ်စီးနဲ့ ရဲစစ်သား ၁၀ ယောက်ဟာ အောက်ရေဖြူရွာ မဟာဗောဓိဘုန်းကြီးကျောင်းရှေ့ ဖုန်းဆိုင်မှာရပ်ပြီး ဖုန်းဆိုင်က မောင်နှမနှစ်ဦး ဖြစ်တဲ့ ကိုရင်မင်းထွန်းနဲ့ မမီးအိတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
“ဒလန်ညွှန်တာလည်း မရှိ၊ ဒလန်လည်း မပါဘဲနဲ့ ဒီဆိုင်ကိုပဲ တန်းတန်းမတ်မတ်ကားရပ်ပြီး ဖမ်းခေါ်သွားတာက သူတို့ဘယ်လိုသတင်းရလဲဆိုတာ အတော်စဥ်းစားရကြပ်ပါတယ်။ အဲ့ဒီမောင်နှမက သပိတ်တွေမှာ မပါတာတောင်ကြာပါပြီ” လို့ ကော်မတီတာဝန်ရှိသူက ပြောပါတယ်။
ဖမ်းဆီးပြီးနောက် ရေဖြူစျေးကိုဝင်ကာ စစ်သားနဲ့ ရဲတွေက စျေးထဲမှာ အော်ဟစ်ဆဲဆိုနေပြီး လာသမျှ ကားဆိုင်ကယ်တွေကို တားဆီးစစ်ဆေးခဲ့ရာ ဂေါ့အင်းရွာက ဖြတ်သွားဖြတ်လာ အသက် ၁၈ အရွယ် မောင်ဖြိုးပြည့်စုံကိုလည်း ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။
ရေဖြူစျေးနားက ပြည်သူတစ်ယောက်ရဲ့ နေအိမ်ကိုလည်း ဝင်ဖမ်းပေမဲ့ သူတို့ရှာချင်တဲ့သူမရှိလို့ ပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး အဖမ်းခံရတဲ့ မောင်နှမနှစ်ယောက်ရဲ့ သူငယ်ချင်းဖြစ်သူရှိရာ ကျောက်ဖြူရွာက နေအိမ်ကိုဝင်ခဲ့ရာက အိမ်မှာ ရှိမနေတာကြောင့် နေအိမ်က မိသားစုဝင်တွေကို ခြိမ်းခြောက်ဆဲဆိုသွားတယ်လို့သိရပါတယ်။
သူတို့ဖမ်းချင်သူမရှိပေမဲ့ သူ့ရဲ့မိခင်ကို ဖမ်းခေါ်သွားဖို့ စစ်သားက ပြောရာ ရဲက မဖမ်းနဲ့ဆိုတာကြောင့် ပြန်ထွက်သွားတယ်လို့ သိရပါတယ်။
အဆိုပါဖြစ်ရပ်တွေအပြီး နေ့လယ်ပိုင်းနဲ့ညနေပိုင်းတွေမှာ လောင်းလုံးဘက်ကနေ စစ်ကောင်စီတပ်သားရောက်လာပြီး အောက်ရေဖြူရွာကို ပတ်ကင်းလှည့်ခဲ့ကြသေးတယ်လို့ သပိတ်ကော်မတီက ဆိုပါတယ်။