မွန်ပြည်နယ်မှာ အမှုရင်ဆိုင်နေရတဲ့ အချုပ်သား ၁၉၅ ဦးကို အောက်တိုဘာ ၁ ရက် ညပိုင်းက ပြန်လွှတ်ပေးခဲ့တယ်လို့ ပြည်နယ်အကျဉ်းစီးဌာနတာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
ပြန်လွှတ်ပေးခဲ့တဲ့ အချုပ်သား ၁၉၅ ဦးဟာ လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု အပါအဝင် ရဲအရေးပိုင်တဲ့အမှုတွေနဲ့ အမှုရင်ဆိုင်နေတဲ့ အချုပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြန်လွှတ်ပေးခဲ့တဲ့ အချုပ်သားတွေဟာ မွန်ပြည်နယ်အတွင်းက မော်လမြိုင် အချုပ်ထောင်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်၊ သထုံအကျဉ်းထောင်တို့မှာ ဖမ်းဆီးချုပ်နှောင်ထားပြီး အမှုရင်ဆိုင်နေရတဲ့သူတွေ ဖြစ်ပါတယ်။
အချုုပ်သားတွေ ပြန်လွှတ်ပေးရတာဟာ ကိုဗစ်ကပ်ရောဂါ အမြန်ဆုံးထိန်ချုပ်နိုင်ဖို့အတွက် ရည်ရွယ်လုပ်ဆောင်တာလို့ စစ်ကောင်စီဘက်ကတော့ ကြေညာထားတာပါ။
ဒါပေမဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)နဲ့ အမှုရင်ဆိုင်နေတဲ့ ပြည်သူတွေတော့ ပါဝင်လာခြင်း မရှိသေးပါဘူး။
မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ယနေ့အချိန်ထိ အချုပ်သား ၈၀၀ နီးပါး ပြန်လွှတ်ပေးထားတာ ဖြစ်ပါတယ်။