မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ သွားလာနေတဲ့ ခရီးသွားပြည်သူတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မန်ပြိန်းကျေးရွာအနီးမှာ အုပ်စုဖွဲ့ဓားပြတိုက်နေတဲ့ လူငယ် ၅ ယောက်ကို စက်တင်ဘာ ၃၀ ရက်မှာ ဒေသခံပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးလိုက် ပါတယ်။
"ကိုဗစ်လည်းဖြစ် တရုတ်ဘက်လည်း ဂိတ်တွေပိတ်ထားတော့ ဒီဘက်မှာ ကားအသွားအလာ နည်းသွားတယ်။ အဲ့ဒါကို အခွင့်ကောင်းယူပြီး ခရီးသွားကားတွေကို မန်ပြိန်းရွာအကွေ့နားမှာ လူလစ်ရင်လစ်သလို ဓားပြတိုက်ကြနေတာ ကြားနေတာကြာပြီ။ အခုတော့ ရွာသားတွေ ဝိုင်းဖမ်းလို့ အားလုံးမိပြီ" လို့ နယ်ခံတစ်ဦးက ပြောပါတယ်။
ကွတ်ခိုင်မန်ပြိန်းရွာအနီး ဖမ်းဆီးရမိတဲ့ ဓားပြ ၅ ယောက်ဟာ လူငယ်လူလတ်ပိုင်းတွေဖြစ်နေပြီး သက်ဆိုင်ရာကို လွှဲပြောင်းပေးအပ်သွားမယ်လို့လည်း ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အပါအဝင် မြို့အများစုမှာ ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှု၊ လောင်းကစားမှုနဲ့ မူးယစ်ဆေးဝါးမှုတွေ တနေ့တခြား ပိုမိုများပြားလာနေပါတယ်။