စမ်းချောင်းမြို့နယ်မှာ ပစ်သတ်ခံရတဲ့ ဒေါက်တာဇင်လင်းရဲ့ ဇနီးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ အကြမ်းဖက် စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒီနေ့ နေပြည်တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောတာဖြစ်ပြီး ဒေါက်တာ ဇင်လင်းနဲ့ သူနာပြုဆရာမ ဒေါ်ခင်ခင်ကြွယ်အပါအဝင် ၄ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ ပြောပါတယ်။
“မှန်ပါတယ်။ သူ့ကို ဖမ်းထားတာ။ သူနဲ့ ဒေါက်တာဇင်လင်းနဲ့ မပေါင်းသင်းတော့တာ ကြာနေပေမဲ့ လုံခြုံရေးလိုအပ်ချက်အရ စစ်ဆေးနေတာပါ။ သူက ပြစ်မှု ကြီးကြီးမားမား ကျူးလွန်ထားတာ မရှိပါဘူး။ သူ့ကို စစ်ဆေးပြီးရင်တော့ ဥပဒေအတိုင်း ဆက်လုပ်သွားမှာပါ” လို့ ပြောပါတယ်။
အကြမ်းဖက်ကောင်စီရဲ့ ဝန်ကြီးဟာ ဒေါက်တာဇင်လင်းနဲ့ သူနာပြုဆရာမတို့ အတူနေတယ်လို့ လည်း ပုတ်ခတ်ပြောဆိုပါတယ်။
စစ်သားတွေက ဝင်စီးချိန် သူနာပြုဆရာမက ပစ္စတိုသေနတ်နဲ့ လှေကားပေါ်က ဆင်းလာပြီး ပစ်ခတ်တယ်လို့ သူက စွပ်စွဲပေမဲ့ သူတို့ထုတ်ပြန်ပြတဲ့ ဓာတ်ပုံတွေထဲမှာတော့ ၄ ယောက်လုံးဟာ လမ်းမပေါ်မှာ သေဆုံးနေတာကို တွေ့ရပါတယ်။
သူတို့ကို အကြမ်းဖက်စစ်ကောင်စီက စမ်းချောင်းမြို့နယ် မြေနီကုန်းတံတားနား တိုက်ခန်းတခုကနေ စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းက ဆွဲချပစ်သတ်ခဲ့တာလို့ ဒေသခံတွေက ပြောဆိုထားသလို ဗွီဒီယိုမှတ်တမ်းတခုလည်း ပျံ့နှံ့နေပါတယ်။
အကြမ်းဖက် စစ်ကောင်စီဟာ ဖမ်းဆီးရမိထားတဲ့ လူငယ်တွေထဲက တချို့ကို ဖောက်ခွဲ ပစ်ခတ်တာတွေမှာ ပါဝင်တယ်လို့ ပြောဆိုထားတဲ့ ဗွီဒီယိုကိုလည်း သတင်းစာရှင်းလင်းပွဲမှာ ပြသခဲ့ပါတယ်။