စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကြက်တကောင်ကျေးရွာမှာ စက်တင်ဘာ ၂၈ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင်က စစ်တပ် သတင်းပေးဆိုပြီး နာမည်ကြီးနေတဲ့ အမျိုးသမီးတဦးကို အမည်မသိ လူတစုက လာရောက် ပစ်သတ်သွားတယ်လို့ သိရပါတယ်။
ပစ်သတ်ခံရသူဟာ ကြံ့ခိုင်ရေးပါတီဝင် ဒေါ်မြစန္ဒာထွေး ဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကို သယ်ယူဖို့ ရွာထဲကို ကားဝင်လို့မရတာကြောင့် ရွာပြင်အထိ လှည်းနဲ့ သယ်ထုတ်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပစ်သတ်ခံရတာပေါ့နော်။ ညက ၁၀ နာရီခွဲဝန်းကျင်ဖြစ်မယ်။ သေနတ်သံ ကြားလိုက်တာ။ ဘယ်အဖွဲ့က ပစ်သတ်သွားတယ်ဆိုတာတော့ အခုထိမသိရသေးဘူး။ သူက တော်တော်ဆိုးတဲ့ အထဲမှာ ပါတယ်။ ရွေးကောက်ပွဲကာလကတည်းက သူ့ပါတီအနေနဲ့ ရွာထဲမှာ တော်တော်လေး မွှေတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တော့ ပိုဆိုးသွားတယ်။ ပေါ်တင်ကို သတင်းပေးတာ။ သူ့ကြောင့် အဖမ်းခံရသူတွေလည်း မနည်းဘူး။ ထွက်ပြေးနေရသူတွေလည်း အခုထိရှိနေတုန်းပဲ” လို့ ပြောပါတယ်။
ကြက်တကောင်ကျေးရွာဟာ စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ဒီနေ့အချိန်အထိ ဆန့်ကျင်ဆန္ဒဖော်ထုတ်တာတွေ ပြုလုပ်နေဆဲ ကျေးရွာ ဖြစ်ပါတယ်။