စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့၊ မြို့နယ်စည်ပင်သာယာရေးရုံးအနီး နောက်ဘေးလမ်းမှာ စက်တင်ဘာ ၂၇ ရက် ညနေ ၃ နာရီက ပေါက်ကွဲမှုဖြစ်ပြီး လူငယ် ၁ ဦး မိုင်းစထိမှန်ကာ သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့ခံတွေထံက သိရပါတယ်။
မျက်မြင်တွေ့သူတစ်ဦးက “အသက်က ၃၀ လောက်ဖြစ်ဖို့ များတယ်ဗျ။ လူငယ်ပဲဗျ။ စည်ပင်ရုံး ခြံစည်းရိုးဘေးမှာ မိုင်းထောင်ရင်း သူ့မိုင်းနဲ့သူ ပေါက်ကွဲပြီး သေတာဖြစ်နိုင်တယ်လို့ ခန့်မှန်းရတာပဲဗျ။ ဘာလို့လဲ ဆိုတော့ သေဆုံးတဲ့အနီးမှာ ပေါက်ကွဲထားတဲ့ မြေကြီးတွေ ကျင်းခွက်နေတာ တွေ့ရတယ်” လို့ ပြောပါတယ်။
မိုင်းထိမှန်တဲ့ လူငယ်ဟာ ဘယ်သူဘယ်ဝါဆိုတာကို မသိရသေးသလို မိုင်ထောင်သူ ဟုတ်မဟုတ် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်နေတာကြောင့် ဒေသခံရွာသားတွေဟာ ရရာလက်နက်ကိုင်ဆောင်ပြီး စစ်အာဏာရှင်ကို တော်လှန်ရင်း အသက်ပေးနေရသူတွေ အများအပြားရှိနေပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။