ရှမ်းပြည်နယ်(တောင်ပိုင်း)ပင်လောင်းမြို့နယ်၊ ဆင်ခေါင်းရွာမှာ စက်တင်ဘာ ၂၄ ရက်က ပင်လောင်းလူငယ်အထောက်အကူပြုအဖွဲ့ဝင် ကိုအောင်ဆန်းကို စစ်ကောင်စီက ဖမ်းဆီးရာ ကျပ် သိန်း ၁၅၀ တန်ဖိုးရှိ ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ စစ်တပ်က Mark II အိမ်စီးကား နှစ်စီးနဲ့ ဆိုင်ကယ်တွေနဲ့ လာတယ်။ ရွာကိုလည်း ဝိုင်းထားတယ်၊ ကိုအောင်ဆန်းအိမ်ကိုလည်း ဝိုင်းထားပြီး တစ်အိမ်လုံး မွှေနှောက်ရှာတယ်။ စစ်ကောင်စီက သူနောက်လိုက်နေတယ်ဆိုတာ ကိုအောင်ဆန်းသိတယ်။ သူဘာမှလုပ်မထားဖူးဆိုပြီး နေလိုက်တာ။ လာဖမ်းသွားတာပဲ။ သုံးရက် လေးရက်လောက်နေရင် ပြန်လွှတ်ပေးမယ် ပြောတယ်။ အခုထိတော့ မလွှတ်သေးဘူး"လို့ ပြောပါတယ်။
ကိုအောင်ဆန်းကို တောင်ရိုးPDF အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုကာ ဖမ်းဆီးပြီး ဘဏ်စာအုပ် ၂ အုပ် ATM ကတ် ၂ ကတ်နဲ့ ကွန်ပြူတာ ၃ လုံး၊ ဖုန်း ၅ လုံး၊ ဟက်ဒစ် ၂ခု တို့ ကျပ် သိန်း ၁၅၀ ဖိုးလောက် သိမ်းဆည်းခံရတယ်လို့ သူနဲ့နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါတယ်။