ကချင်ပြည်နယ် ရွှေကူမြို့နယ် တာပုန်းကျွန်းမှာ စက်တင်ဘာလ ၂၆ ရက်နေ့လယ်ပိုင်းက ကေအိုင်အေ နဲ့ စစ်ကောင်စီတပ် နှစ်ဘက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး လူနေအိမ် နဲ့ တိရစ္ဆာန်အချို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ဧရာဝတီမြစ်ကို ဆန်တက်လာတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် တာပုန်းကျေးရွာက ဒေသခံတို့ရဲ့ နွားတစ်ကောင် သေဆုံးပြီး တဲအိမ်တစ်လုံး မီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက “ညနေ ၃ နာရီလောက်က ပစ်တာ နွားတွေ သေနတ်မှန်တယ်။ တစ်ကောင်က သေတယ်။ တစ်ကောင်ကရှပ်ထိတာ အိမ်တွေလည်း သေနတ်မှန်ထားတယ်။ ကျနော်တို့လည်း အခြားနေရာ သွားနေမှာ ညဘက်ဝင်လာမှာစိုးရိမ်တယ်” လို့ ပြောပါတယ်။
တောပုန်းကျေးရွာဒေသခံတွေဟာ ညအချိန် စစ်ကြောင်းဝင်လာမှာ စိုးရိမ်တဲ့အတွက် အခြားရွာတွေကို ရှောင်တိမ်းနေကြပါတယ်။
ရွှေကူမြို့နယ် ဧရာဝတီမြစ်အတွင်း စစ်ကောင်စီ သင်္ဘော ဆန်တက်လာချိန်မှာ ကေအိုင်အေ နဲ့ ပစ်ခတ်လေ့ရှိပြီး စက်တင်ဘာ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီ သင်္ဘောဆန်တက်လာတဲ့အတွက် နှစ်ဘက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
နှစ်ဘက်ပစ်ခတ်မှုအတွင်း သေဆုံးဒဏ်ရာရမှုအခြေအနေကိုတော့ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲဖြစ်ပါတယ်။