မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် သီရိမာလာအနောက်၊ ပွဲကုန်းရပ် ၊ ၂၅ လမ်း၊ လမ်း ၉၀ နဲ့ ၉၁ လမ်းကြားမှာ နေထိုင်တဲ့ အန်အယ်လ်ဒီပါတီဝင်တစ်ဦးကို စစ်ကောင်စီတပ်တွေက မနေ့က အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးသွားပြီးနောက် ဒီကနေ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ သေဆုံးသွားပြီလို့ မိသားစုထံ အကြောင်းကြားခဲ့ပါတယ်။
သေဆုံးသူ ကိုမင်းကိုသိန်း (ခ) ကိုသန်းထွန်းဦး (ခ) ကိုဖက်တီး ကို စက်တင်ဘာလ ၂၅ ရက် နေ့လယ် ၁ နာရီမှာ စစ်ကောင်စီတပ်သားတွေက ရိုက်နှက်နှိပ်စက် ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။
“မနေ့က လာဖမ်းတယ်။ လာဖမ်းတဲ့အချိန်မှာ ဒူးထောက်ခိုင်းတယ်။ သူက ဝ တော့ မထောက်နိုင်ဘူး။ မထောက်လို့ သေနတ်နဲ့ ပစ်တယ်။ နှိပ်စက်ပြီး ကားပေါ်တင် ဖမ်းသွားတယ်။ ဒီကနေ့ သေတယ်လာပြောတယ်။ သင်္ဂြိုဟ်ပြီးတဲ့အချိန် လာပြောတာ။ ရုပ်အလောင်းကို မတွေ့လိုက်ရဘူး။” လို့ သေဆုံးသူရဲ့ မိသားသားစုနဲ့ နီးစပ်သူ တစ်ဦး က ဆိုပါတယ်။
ဒီနေ့ မွန်းလွဲ ၂ နာရီမှာ စစ်ကောင်စီတပ်သားတွေက မိသားစုထံလာရောက်ပြီး ကိုမင်းကိုသိန်း ဟာ မနက် ၁၀ နာရီက သွေးတိုးရောဂါနဲ့ သေဆုံးသွားကာ ကိုဗစ်ပိုးတွေ့တဲ့အတွက် ချက်ချင်းသင်္ဂြိုဟ်လိုက်တဲ့အကြောင်း ပြောသွားတယ်လို့ သိရပါတယ်။
ကိုမင်းကိုသိန်းဟာ ၁၉၈၉ - ၉၀ ဗကသများအဖွဲ့ချုပ်၊ အကသ၊ မန္တလေးခရိုင် ၊ ကျောင်းသားသမဂ္ဂ တွေမှာ အထက ကျောင်းသားဘဝကတည်းက စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူ ဖြစ်ပြီး NLD ပါတီ လှုပ်ရှားမှုတွေနဲ့ ရပ်ရွာအတွက် ပရဟိတ လုပ်ငန်းတွေ ဆောင်ရွက်နေသူ တစ်ဦး ဖြစ်ပါတယ်။