မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စက်တင်ဘာ ၂၆ ရက်နေ့ မနက်အစောပိုင်းက CDM ကျောင်းဆရာ ၃ ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေစကြိုမြို့နယ် ဆင်ချောင်းကျေးရွာမှာ ဒီနေ့မနက် ၅ နာရီလောက်က အကြမ်းဖက် စစ်ကောင်စီတပ်တွေ စစ်ကား ၃ စီးနဲ့ ရောက်လာပြီး CDM ကျောင်းဆရာ ကိုအောင်ညီဆွေ၊ ကိုသီဟမောင်နဲ့ ကိုချစ်ကိုထွန်းတို့ကို ဖမ်းဆီးသွားတာလို့ ရွာခံတစ်ယောက်က DVB ကို ပြောပါတယ်။
ကိုအောင်ညီဆွေက မြိုင်မြို့နယ်၊ ကိုသီဟမောင်က အောင်လံမြို့နယ်မှာ တာဝန်ကျနေပြီး ကိုချစ်ကိုထွန်းကတော့ ဆိပ်ဖြူမြို့နယ်မှာ တာဝန်ကျနေတဲ့ မူလတန်းပြ CDM ကျောင်းဆရာတွေ ဖြစ်ပါတယ်။ ကိုအောင်ညီဆွေနဲ့ ကိုသီဟမောင်က ညီအစ်ကို အရင်းတော်စပ်တယ်လို့ ဆိုပါတယ်။
ကိုအောင်ညီဆွေတို့ ညီအစ်ကိုနှစ်ယောက်က ရေးဆေးကစ်တိုက်ဆိုင်လေး ဖွင့်ပြီး ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတာဖြစ်ပြီး ကိုအောင်ညီဆွေကတော့ ကိုရင်ဝတ်နေတာဖြစ်လို့ ဘုန်းကြီးကျောင်းမှာ ဝင်ဖမ်းသွားတာလို့ ပြောပါတယ်။
ဆင်ချောင်းကျေးရွာမှာ စက်တင်ဘာ ၂၂ ရက်နေ့က ပျူစောထီးခေါင်းဆောင် နိုင်လင်းရဲ့အိမ် ဗုံးခွဲခံရတာနဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်အုပ်စုတွေကို လှမ်းခေါ်တာကြောင့် CDM ကျောင်းဆရာ ၃ ယောက် မတရားဖမ်းဆီးခံရတာလို့ ရွာခံတွေက ပြောပါတယ်။