ဧရာဝတီတိုင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ၁ ဦးကို စက်တင်ဘာ ၂၃ ရက်နေ့က စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး သူနဲ့ဆက်နွှယ်နေသူတွေကို လိုက်လံဖုန်းဆက်ခိုင်းပြီး ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ကိုမျိုးဟာ ရခိုင်ပြည်နယ်မှာ နေထိုင်သူဖြစ်ပြီး ဧရာဝတီမြို့ပြပြောက်ကျားတပ်ဖွဲ့မှာ ပါဝင်ပေးခဲ့ကာ သင်တန်းတက်ဖို့ပြန်ချိန်မှာ ဖမ်းဆီးခံလိုက်ရတာလို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။
“သူက ရခိုင်ကနေ လာကူညီပေးနေတာ သူကို ရခိုင်ကိုမျိုးလို့ ပြောရင် အကုန်သိတယ်။ သူနဲ့ အဆက်သွယ်ရှိတဲ့သူတွေကို ဖမ်းဖို့ လိုက်ဖုန်းဆက်ချိန်းတာတွေ လုပ်ခိုင်းနေတာ။ တချို့မသိသေးလို့ သတိထားဖို့ ပြောချင်တယ်” လို့ ပြောပါတယ်။
ကိုမျိုး ဖမ်းဆီးခံရတာ မသိလို့ ဆက်သွယ်တဲ့နေရာတွေကို သွားခဲ့မိတဲ့ ကန်ကြီးထောင့်မြို့နယ် နေထိုင်သူ ၂ ဦးနဲ့ ငပုတောမြို့နယ်က ၁ ဦး ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခံခဲ့ရပါတယ်။