ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံဘက် ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိတာကြောင့် အဝါရောင်အဆင့်သတ်မှတ်တယ်လို့ မိုးဇလဌာနက စက်တင်ဘာ ၂၅ ရက် ဒီနေ့မနက် ထုတ်ပြန်ထားပါတယ်။
ဒီနေ့မနက် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် (Depression)ဟာ အနောက်ဘက်ကို ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၁၆၅ မိုင်ခန့်၊ ဂွမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၅၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းရဲ့ အနောက်မြောက်ဘက် ရေမိုင် ၂၈၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ပါရာဒစ်ရှ်မြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၂၃၀ မိုင်ခန့်နဲ့ ဂိုလ်ပါပူမြို့ရဲ့ အရှေ့ဘက်ရေမိုင် ၃၁၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။
မုန်တိုင်းငယ်ဟာ ဗဟိုချက်လေဖိအား ၉၉၈ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီကို မိုင် ၄၀ နှုန်းခန့် ဖြစ်ပြီး နောက် ၁၂ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ် ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် နောက် ၄၈ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နေရာကွက် မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ရံဖန်ရံခါမိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးမှာဖြစ်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင် ၄၀ အထိတိုက်ခတ်နိုင်ကာ လှိုင်းအမြင့် ၉ ပေကနေ ၁၂ ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါ မုန်တိုင်းငယ်အရှိန်ကြောင့် မိုးရွာသွန်း၊ လေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေးနဲ့ ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ သတိပြုကြဖို့ မိုးဇလက အသိပေးနှိုးဆော်ထားပါတယ်။