စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထားပြီး နုတ်ထွက်ကြဖို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတိပေးလိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားရဲ့ အခြေခံအကျဆုံးထောက်တိုင်တွေဖြစ်တဲ့ ရပ်ကျေး/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေအားလုံး နုတ်ထွက်ကြဖို့ ချောင်းဦး PDF က စက်တင်ဘာ ၂၄ ရက်မှာ အသိပေးစာထုတ်ပြန်ထားတာပါ။
လိုက်နာရန်ပျက်ကွက်ပါက ဘယ်လို အကြောင်းပြချက်နဲ့ ပျက်ကွက်တာဖြစ်စေ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်တိုင်တွေ အဖြစ် သတ်မှတ် ချေမှုန်းသွားမယ်လို့ သတိပေးလိုက်တာပါ။
ဒါအပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ ယန္တရားအတွက် အခွန်ကောက်ခံနေတဲ့ လျှပ်စစ်ဌာနနဲ့ စည်ပင်ဝန်ထမ်းတွေကိုလည်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပြီး အဲဒီသတိပေးချက်ကို မပျက်မကွက် လိုက်နာကြဖို့လည်း နောက်ဆုံးအကြိမ် ပြင်းထန်စွာ သတိချက် ထပ်မံထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၂၃ ရက်က ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာနဲ့ ရေပိုးစာ ကျေးရွာကြားမှာ မန္တလေးမှ မုံရွာသို့ စစ်ကောင်စီတပ်သားတွေ တင်လာတဲ့ စစ်ကားကြီး နှစ်စီးကို ချောင်းဦး PDF နဲ့ မုံရွာ-သံမဏိအဖွဲ့တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးထက် မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။